တနင်္ဂနွေ၊ ဇွန်လ ၂၃ရက်၊ ၂၀၂၄

မောင်တော အင်းဒင်နှင့်မြင်းလွတ်တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ ၂၀၀ ကျော်ဖမ်းဆီးမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

(အများစု အာရက္ခတပ်တော်မှဆေးကုသမှုပေးနေ)

ဇာချေ နိရဥ္စရာ၊ဇွန် ၁၀/ ၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်နှင့် မြင်းလွတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိပြီး ကျန်းမာရေး မကောင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို အာရက္ခတပ်တော်(AA) မှ ဆေးကုသမှုပေးနေ ‌ကြောင်း သတင်းရရှိသည်။

အင်းဒင် နခခ(၆)စခန်းနှင့် မြင်းလွတ် နခခ(၉)စခန်းတိုက်ပွဲအတွင်းမှ စစ်ပွဲအတွင်းဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို အာရက္ခတပ်တော်(AA)မှ ဆေးကုသမှုပေးပြီး စောင့်ရှောက်ထားသည်ဟု အာရက္ခတပ်တော်နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်ပွဲအတွင်းက ဖမ်းမိထားတာ အယောက် ၂၀၀ကျော်ရှိတယ်။ မိသားစုနဲ့ ပေါင်းရင် ဒီထက်များ နိုင်တယ်။ အာရက္ခတပ်တော်က ဆေးကုသမှုပေးထားပါတယ်။ အလံဖြူထောင်ပြီး အလင်းဝင်လာတဲ့ သူလည်းရှိတယ်”ဟု ပြောသည်။

ဖမ်းဆီးရမိသူများမှာ လက်နက်များနှင့် အတူ ဖမ်းမိပြီး အများစုမှာ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နေသူပိုများသည်ဟု ဆိုသည်။


စစ်ပွဲကာလအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထဲမှ ကျန်းမာရေးမကောင်းသူများကို လွှတ်ပေးနေကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ပြန်လွှတ်လိုက်တဲ့သူတွေ အများကြီးရှိတယ်။ တချို့ကိုသတင်းထုတ်ပြန်ပြီး တချို့ကို သူတို့ရဲ့ လုံခြုံရေး အရ မထုတ်ပြန်ခဲ့ဘူး။ အထူးသဖြင့် ကျန်းမာရေးမကောင်းတဲ့ သူတွေ၊ ကျနော်တို့ဖက်က ကျန်းမာရေး ဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး လွှတ်ပေးလိုက်တာ” ဟု ဦးခိုင်သုခက ပြောသည်။

ယင်းအပြင် အာရက္ခတပ်တော် AA၏ လက်ထဲတွင် လက်နက်ချအညံ့ခံသူများ၊ အလင်းဝင်လာသူများ၊ ဖမ်းဆီးရမိသူများစသည့်ပုံစံအမျိုးမျိုးဖြင့် စစ်သုံ့ပန်းထောင်ချီရှိနေပြီး ၎င်းတို့အား နိုင်ငံတကာ စစ်ဥပဒေနှင့် အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ဦးခိုင်သုခကဆိုသည်။

မောရ၀တီ နခခ (၄) နှင့် မြင်းလွတ် နခခ(၉)စခန်းမှရာနှင့်ချီသည့် စစ်ကောင်စီနှင့် မိသားစုဝင်များသည်  စက်လှေဖြင့် ထွက်ပြေးကြပြီး ရေလယ်တွင် ကျောက်ချရပ်နားထားသည့် ဇက်ရေယာဉ်က အကပ်မခံဘဲ သေနတ်ဖြင့် ပစ်ခတ်၍ ကမ်းသို့ ပြန်ကပ်စဉ်  အလယ်သံကျော်အနီး ပင်လယ်ပြင်တွင် နစ်မြှုပ်သွား၍ တချို့မှာ ပျောက်ဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့နေသည့် ရုပ်သံဖိုင် အရ သိရသည်။

မောင်တောမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီခြေအခြေစိုက်နယ်ခြား‌ စောင့်စခန်းများဖြစ်ကြတဲ့ ကျောက်ပန္ဒူစခန်း၊တာဝါတိုင်စခန်း၊အင်းဒင်နခခ (၆)စခန်း၊ခွဆုံပြင်စခန်း၊မြင်းလွှတ် နခခ(၉)စခန်း၊ မောရ၀တီ နခခ (၄) စခန်းများအား ဇွန်လ(၂)ရက်နေ့ မှ ဇွန်လ (၈) ရက်နေ့ အတွင်း အာရက္ခတပ်‌တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့သည်။ 

ဆက်စပ် သတင်းများ