စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

AA တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်နေသော တောင်ကုတ်မြို့တွင် နေရာအချို့ကို စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန်၁၁/ ၂ဝ၂၄

အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းဖြစ်ပေါ်နေသော တောင်ကုတ်မြို့တွင်   စစ်ကောင်စီတပ်က နေရာအချို့အား ယနေနံနက် အစောကြီး ည ၃ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံတစ်ဦးက “ ကျောက်တံခါးနဲ့ တံခွန်ကျေးရွာကြားကို လက်နက်ကြီးကျည်တွေ ကျတယ်လို့ပြောတယ်။ အဲဒီမှာ အေအေရှိတယ်လို့ သတင်းရလို့ပစ်တယ်လို့ပြောတယ်။ လေယာဉ်နဲ့လည်း ပစ်သွားတယ်လို့  သတင်းကြားရပါတယ်။ လူတွေကတော့ လက်နက်ကြီးသံတွေကြားတော့ စိုးရိမ်နေကြတယ်” ဟု ပြောသည်။

 

စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်မှုကို စကခ(၅) စစ်ဌာနချုပ်နှင့် ပန်းမြောက်တောင်တို့မှနေ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကုတ်ရိုးတောင်ပေါ်ရှိ ကျောက်တံခါးကျေးရွာအနီးအနားကို လှမ်းပစ်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဦးအား ထပ်မံဆက်သွယ် မေးမြန်းရာလက်နက်ကြီးပစ်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“ လက်နက်ကြီးက နေရာ ၂ခုကနေ  ပစ်သံထွက်ပါတယ်။ မြို့နားက ပစ်တဲ့ ကျယ်ကျယ်လောင်လောင် အသံတမျိုးနဲ့ ခပ်လှမ်းလှမ်းက သိပ်မကျယ်တဲ့ အသံတမျိုးပါ။ ပန်းမြောက်တောင်ဘက်က ပစ်တာဖြစ်နိုင်ပါတယ်” ဟုပြောသည်။

 

စစ်ကောင်စီသည် ရခိုင်ပြည်တောင်ပိုင်းမှ ခရိုင်မြို့ တစ်ခုဖြစ်သည့်  တောင်ကုတ်မြို့ကို ဇွန်လပထမ ပတ်အကုန်တွင် အာရက္ခတပ်တော် (AA) က စတင် ထိုးစစ်ဆင်လာနိုင်သည်ဟု မြို့လူကြီးများကို  သတိပေးထားပြီးနောက် တောင်ကုတ်မြို့ပတ်ဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ခတ်လာခြင်းဖြစ်သည်။

တောင်ကုတ်မြို့တွင် စစ်ရိပ် စစ်ငွေ့ သန်းလာသော်လည်း ပြည်သူများကို စစ်ကောင်စီတပ်က မြို့ထဲတွက် ဗုံးခိုကျင်းတူးခွင့်ကိုလည်း ပိတ်ပင် တားမြစ်ထားသည့်အပြင် မြို့ထဲမှလည်း ထွက်ခွင့် မပေးဘဲတားမြစ်သဖြင့်  ပြည်သူများကို လူသားဒိုင်းကာ ဓားစာခံများအဖြစ်  ပြုလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု  တောင်ကုတ်မြို့ခံလူငယ်တဦးက ပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ရာ ကျေးရွာများဖြစ်သည့် ကျောက်တံခါးနှင် တံခွန်ကျေးရွာတို့အား အထိအခိုက်ရှိမရှိ ဆက်သွယ်ရာ လတ်တလောတွင် ဆက်သွယ်မှုမရရှိသေးပါ။

ကျောက်တံခါးကျေးရွာနှင့် တံခွန်ကျေးရွာတို့တွင်  အိမ်ခြေ ၂ဝဝ နီးပါးနေထိုင်ကြပြီး လူဦးရေ ၁ဝဝဝ ခန့်နေထိုင်သည့် တောင်ပေါ်ကျေးရွာများဖြစ်သည်။

ရွာသားများမှာသစ်၊ ဝါးခုတ်သည့် လက်လုပ်လက်စားများနှင့် တောင်ယာလုပ်ကိုင်ကြသည့် တောသူတောင်သားတောင်သားများဖြစ်ကြသည်။


 ပုံစာ- ပုံဟောင်းသာဖြစ်ပါသည်။

ဆက်စပ် သတင်းများ