စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

စစ်ကောင်စီ စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်ခံရသော ဗျိုင်းဖြူရွာသား ၂ ဦး စစ်တွေဆေးရုံကြီးတွင် သေဆုံး၊ ၁ဦး ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်ခံရသည့် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာသား ၂ ဦး စစ်တွေဆေးရုံကြီးတွင် ထပ်မံသေဆုံးသွားခဲ့ပြီး နောက်ထပ် ၁ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး စိုးရိမ်နေရသည့် အနေအထားတွင် ရှိနေသည်ဟု သတင်းရရှိသည်။ 

သေဆုံးသူ ၂ ဦးမှာ ဦးကံသိန်းထွန်းနှင့် ဦးမဲလာတို့ဖြစ်ကြောင်း သိရသည်။

ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးခံထားရသည့် အမျိုးသားများကို စစ်တွေ ဒစက ( ဒေသစစ်ဒေသကွပ်ကွဲ ရေးမှူးရုံး) တွင် စစ်ဆေးနေသည်။ ၎င်းတို့အထဲမှ ရွာသုံးဦးမှာ စစ်ကောင်စီမှ ညှဉ်းပမ်းရိုက်နှက်ခံရ၍ ဒဏ်ရာ ပြင်းထန်သဖြင့် မူးလဲကာ စစ်တွေဆေးရုံသို့  စစ်ကားဖြင့် လာရောက်ပို့ဆောင်ပြီး ၂ ဦးမှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်ဟု စစ်တွေ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဒစကရုံးမှာ စစ်ဆေးနေတာ။ စစ်ကောင်စီက ဖမ်းထားတဲ့ရွာသားတွေ နှိပ်စက်ထားလို့ ခံနိုင်ရည် မရှိတော့လို့ အဲ့ဒီရွာသား သုံးယောက်ကို ဆေးရုံကို ကားနဲ့လာပို့တာ။ ဆေးရုံရောက်မှ ၂ ယောက် သေသွားတယ်။ တစ်ယောက်က စိုးရိမ်ရတယ် " ဟုပြောသည်။

ယခုလို ဗျိုင်းဖြူကျေးရွာသားများမှာ စစ်ကောင်စီ၏ လူမဆန်စွာ သတ်ဖြတ်ခံရခြင်းနှင့် ဖမ်းဆီး နှိပ်စက်ခံရခြင်းများသည်  လွန်စွာစက်ဆုပ်ဖွယ်ရာလုပ်ရပ်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ရွာသားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တယ်။ သတ်ဖြတ်ပြီးတော့ အလောင်းဖျောက်တယ်။ အခုလည်း ဘယ်လောက်တောင် နှိပ်စက်ထားလို့ သေတဲ့အထိဖြစ်တာလဲဆိုတာ အားလုံးသိတဲ့ အတိုင်းပါပဲ။ စစ်ကောင်စီရဲ့ စက်ဆုပ်ဖွယ်လုပ်ရပ်ပါ။ ဒါကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ် " ဟုပြောသည်။

မေလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို စစ်‌ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသား ၁၀၀နီးပါးကိုလည်း စစ်ကောင်စီ ခလရ (၂၀)သို့ ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗျိုင်းဖြူကျေးရွာသား (၈၀) ဦးခန့်ကို မေလ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင်  ညနေပိုင်းတွင် စစ်ကောင်စီကားဖြင့် မဏိရတနာဘုန်းတော်ကြီး ကျောင်းရှေ့တွင် လာရောက်ချထားခဲ့ပြီး တချို့ကို အမှုဖွင့်ထားသည်ဟု သိရသည်။

စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက် ညှဉ်းပန်းခဲ့ကြပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက် ကျူးလွန်ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် လက်စားချေ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း  ဇွန်လ (၂ )ရက်နေ့က အာရက္ခတပ်တော်မှ ထုတ်ပြန်ထားသည်။ 

ဆက်စပ် သတင်းများ