သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ ကျေးရွာအနည်းဆုံး ၄ ရွာကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ လူ ၁၀ဦးထက်မနည်းဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 671

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၁/၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိဘဲ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ကျေးရွာတချို့ကို စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ၊ တောင်းဖူးတောင်၊တော်မော်ဦးနှင့် လက်ပံပြား ကျေးရွာများကို ယနေ့ ဇွန်လ ၁၁ရက်နေ့ နံနက် ၈ နာရီခန့်က စစ်တွေမြို့မှ ပျံတက်လာသည့် စစ်ကောင်စီ၏ Y-12 လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့သည်ဟု ကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ကျနော်တို့သိရသလောက် သဝင်ချောင်းရွာ ဗုံးသုံးလုံးချခဲ့လို့ ၄ ယောက်ထိတယ်။ နောက်ထပ် ရွာတွေမှာ ၅ယောက်ထက်မနည်းဘူး။ အကုန်လုံးဆိုရင် ၁၀ဦးထက်ကျော်နိုင်တယ်။ Y-12နဲ့ဗုံးကြဲတယ်။ စက်သေနတ်နဲ့လည်းပစ်တယ်။ လေယာဉ်က ‌စစ်တွေ လေယာဉ်ကွင်းကနေ တက်လာတာ " ဟု ပြောသည်။

၎င်းအပြင် ပေါက်တောမြို့ကို ဇွန်လ ၁၀ရက်နေ့နှင့် ယနေ့ ဇွန်လ ၁၁ ရက်နေ့  ၂ ရက်ဆက်တိုက် စစ်တွေမြို့ စစ်ကောင်စီ၏ ရဲတပ်ရင်း၊ ရေတပ်လက်နက်ကြီး အထိုင်စခန်းနှင့် နေဗီများမှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်လျက်ရှိသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" မနေ့က နေ့လယ် ကတည်းကစပစ်နေခဲ့တာ။ နားလိုက်၊ ပစ်လိုက် လုပ်နေတာပါ။ ပစ်တာက ပွိုင့်(ဗုဒ္ဓမော်) ရေတပ်စခန်းကနေပစ်တယ်။ နေဗီကနေပစ်တယ်။ ရဲတပ်ရင်းကနေပစ်သံကြားတယ် " ဟုပြောသည်။

ပေါက်တောမြို့နယ်အနီးတဝိုက်ကို ယမန်နေ့ကတည်းက  စစ်ကောင်စီမှ ဂျက်ဖိုက်တာ များဖြင့် ပျံဝဲလျက်ရှိခဲ့ပြီး ယနေ့တွင် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူများ၏  နာမည်နှင့်အသက်များကို ဖုန်းဆက်သွယ်မှု လိုင်းအဆင်မပြေ သဖြင့် ဖော်ပြပေးနိုင်ခြင်း မရှိသေးပါ။ ထပ်မံသိရှိပါက နိရဉ္စရာသတင်းမှ ဆက်လက် တင်ပြပေးမည်ဖြစ်သည်။ 

ဆက်စပ် သတင်းများ