အင်္ဂါ၊ ဇွန်လ ၁၈ရက်၊ ၂၀၂၄

သံတွဲတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်းအားလုံး ပိတ်သိမ်းထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

(ဒေသခံပြည်သူပိုင်မြေများကို အတင်းဓမ္မသိမ်းယူပြီး ဟိုတယ်ဆောက်ထားသည့် ခရိုနီများ အထူး စိုးရိမ်နေကြရပြီဟုဆို )  

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ ဇွန် ၁၁ / ၂၀၂၄

အာရက္ခတပ်တော် (AA) ၏ သံတွဲဒေသထိုးစစ်များမှာ ပြင်းထန်နေဆဲဖြစ်ပြီး သံတွဲမြို့နှင့် အလွန်နီးကပ်လာရာ တိုက်ပွဲဧရိယာနှင့် ထိစပ်နေသည့် ကမ္ဘာကျော် ငပလီကမ်းခြေဇုန်မှ ခရိုနီများ ပိုင်ဆိုင်သော ဟိုတယ်များအပါအဝင် ဟိုတယ်လုပ်ငန်းများအားလုံး ပိတ်သိမ်းလိုက်ရပြီဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ သံတွဲမြို့အနီးထိ နီးကပ်လာသဖြင့် ဒေသခံ ပြည်သူပိုင် မြေများကို အတင်းဓမ္မသိမ်းယူပြီး ဟိုတယ်ဆောက်ထားသည့် ခရိုနီများ အထူး စိုးရိမ်နေကြဟု ၎င်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။  

" ဟိုတယ်အများစုကတော့ တိုက်ပွဲဖြစ်ပြီးကတည်းက ပိတ်ထားတာ လနဲ့ချီပြီး ကြာပြီ။ တချို့ဟိုတယ် ခပ်သေးသေးတွေဆိုရင် သူဌေးချောင်းဘက်မှာတိုက်ပွဲတုန်းကပဲ ပိတ်ထားလိုက်ပြီ။ အခုဆို ဟိုတယ် ပိုင်ရှင် ခရိုနီကြီးတွေ မျက်ခုံးလှုပ်နေကြပြီ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုလေ့ရှိတဲ့ ဂေါ့ကမ်းခြေက   Jasmine Ngapali Resort ဟိုတယ်ကိုလည်း အေအေက ထိန်းချုပ်ထားလိုက်ပြီလို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

သံတွဲ ငပလီတွင် ခရိုနီကြီးများ ပိုင်ဆိုင်ထားသည့် ဟိုတယ်များမှာ  ဦးအောင်မျိုးမင်းဒင်ပိုင် Amazing Ngapali ၊ ဦးချစ်ခိုင်ပိုင် Hilton Hotel ၊ ဦးဇော်ဇော်ပိုင် Hotel Max ၊ ဦးမြဟန် Fortune Group ပိုင်  Hotel At the Rock ၊ မင်းဇာနည်အုပ်စုပိုင်  Merciel Retreat Hotel၊  ဗိုလ်ချုပ်ကြီး မောင်အေး သမီး ဒေါ်နန္ဒာအေး Pristine Mermaid Ngapali၊  ဦးထွန်းနိုင်ရွှေ (ဦးသန်းရွှေသား) Thande Ngapali၊ ဦးတေဇပိုင်  Htoo လုပ်ငန်းစုပိုင် Aureum Ngapali ဟိုတယ်၊ ဦးနေဝင်းထွန်း- ပတ္တမြားနဂါး (Ruby Dragon) ပိုင် Jade Marina နှင့် ခလရ(၅၅)က သိမ်းထားသည့် မြေပေါ်တွင်တည်ဆောက်ထားသော Coconut Island ဟိုတယ်၊  ဒေါ်သန္တာနေဝင်း ပိုင်ဆိုင်ထားသည့် Ngapali Bay and Spa တို့ဖြစ်ကြသည်။ 

အဆိုပါ ဟိုတယ်များ ဒေသခံများထံမှ မြေသိမ်း၊ လျော်ကြေးမပေးဘဲ နှစ်(၆၀) ပါမစ်များဖြင့် လုပ်ကိုင်ထားတာဖြစ်သည့် အတွက် AAသာ သိမ်းနိုင်ရင် ခရိုနီတွေရင်ကွဲပြီဟု ဒေသခံများက ပြောဆိုသည်။

ဟိုတယ် မန်နေဂျာ တစ်ဦးက “ တချို့ဟိုတယ်ကြီးတွေမှာဆိုရင် ဧည့်သည် အနည်းငယ်ကျန်တာတွေ ရှိနေခဲ့ပါတယ်။ အခု တိုက်ပွဲက အရမ်းနီးကပ်လာတော့ အဲဒီဧည့်သည်တွေဆိုရင် ရန်ကုန် ရောက်အောင်ထိ ပြန်ပို့ပေးတာတို့ လုပ်ပေးခဲ့ရတယ်ပေါ့နော်။ ရှေ့တစ်ပတ်လောက်က" ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိတွင် ကုန်လမ်း၊ လေကြောင်းလိုင်းများကိုပါ  ပိတ်ထားသဖြင့်  ဟိုတယ်များ ကတာဝန်ခံပြီး ဟိုတယ်ကကားများဖြင့် ထောက်ခံစာလုပ်ကာ  ဧည့်သည်များကို ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

လက်ရှိ ငပလီဇုန်မှ ဟိုတယ်များတွင် လုံခြုံရေးဝန်ထမ်းတချို့သာစောင့်ကြပ်နေထိုင်မှုများရှိပြီး အခြားဟိုတယ်ဝန်ထမ်းများလည်းမရှိတော့ကြောင်း သူကဆက်ပြောသည်။

" အခုဆိုရင်ဟိုတယ်တွေမှာ လူတွေလည်းမရှိကြတော့ဘူး။ ဝန်ထမ်းတွေလည်း မရှိကြတော့ဘူး ပေါ့နော်။ ဝန်ထမ်းတွေဆိုလည်း လုံခြုံရေးတွေလောက်ပဲ နည်းနည်းပါးပါး လေးငါးယောက် အစောင့်ထားတဲ့ ပုံစံမျိုးပဲရှိတော့တယ် " ဟု သူကပြောသည်။

ယခုဇွန်လအတွင်း ငပလီကမ်းခြေဇုန်နှင့် ထိစပ်နေသည့် ဂေါ့ရပ်ကွက်အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့်  အနည်းငယ်ကျန်ရှိနေသည့် ဟိုတယ်လုပ်ငန်းများ အားလုံးမှာလည်း ရပ်တန့်သွားပြီဟု ငပလီဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲပြင်းထန်ဖြစ်လာစဥ် အချို့ဟိုတယ်များအနေဖြင့် တန်ဖိုးကြီး ပရိဘောဂပစ္စည်းများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်းငပလီ ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဂေါ့တို​က်ပွဲအတွင်း ငပလီကမ်းခြေဇုန် ပင်လယ်ပြင်တစ်လျှောက်မှ စစ်ကောင်စီရေတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဟိုတယ်အဆောက်အဦများ ထိခိုက်ပျက်စီးမှုလည်း ရှိလာနေကြောင်းသိရသည်။

ဇွန်လ ၂ ရက်မှစတင်ကာ ငပလီမြောက်ဘက် ဂေါ့တောင်အနီးတစ်ဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန်လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုများ၊ ရေတပ်ပစ်ကူများနှင့် မြေပြင် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ခဲ့သည်။

ဇွန်လ ၆ ရက်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်းလေ့ရှိသည့် ငပလီ ကမ်းခြေဇုန်မှ Jasmine Ngapali Resort နှင့် အမရာဟိုတယ်တို့ လက်နက်ကြီးကျကာ  ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း ဂေါ့တောင်အနီး AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး သံတွေလေဆိပ်တွင် စစ်ကောင်စီကဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲ၍ လက်နက်ကြီး တပ်စွဲခုခံနေသော်လည်း သံတွဲလေဆိပ်ကို မကြာမီ အာရက္ခတပ်တော်ကသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုထားကြသည်။

ဆက်စပ် သတင်းများ