နိရဉ္စရာ၊ ဇွန် ၁၁/၂၀၂၄
အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီသည် စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ လူနေကျေးရွာများကို တစ်နေ့ထက် တစ်နေ့ တိုက်ခိုက်မှုပိုလုပ်လာကြောင်းအာရက္ခတပ်တော် (AA)က ဇွန်လ ၁၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်ထဲတွင်“ အာရက္ခဒေသအတွင်းအာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများအပါအဝင်မောင်တော၊ သံတွဲ၊ အမ်း အစရှိသော စစ်ရေးအထိနာနေသည့် နေရာများရှိရပ်ရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်း၊ ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း” ဖော်ပြထားသည်။
ထိုသို့ တိုက်ခိုက်ရာတွင် အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ ဈေး၊စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအားပစ်မှတ်ထား၍ ရေကြောင်း၊ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟုဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄/၅)ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာအားဖက်ဆစ် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့်အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါးပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။
၎င်းဆင်ခေါင်း ကျေးရွာ အသေအပျောက်နှင့် နေအိမ်များ ပျက်စီးမှုစာရင်းများကို AA က ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ စာရင်းတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၂၄ ဦးနှင့် ပျက်စီးသွားသည့်နေအိမ် (၆၀) တို့ကို ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင်လည်း ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအားလေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သကဲ့သို့ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ဖော်ပြပါနေရာများသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
၎င်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းအပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၄) ဦးတို့မှာ အကြီးစား၊အလတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်းပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။
ဇွန်လ (၁၁) ရက်၊ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံ၇မှုဖြစ်စဉ်အတွင်း- (၁) ပေါက်တောမြို့၊ ရပ်ကွက် ဦးညီညီအောင် (၃၇) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊ ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈) နှစ်၊ ဒေါ်အေးကျော့စိန် (၅၃)နှစ် နှင့် ဦးအောင်ကျော်စိုး (၄၅) နှစ်၊ (၃)ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆) နှစ်၊ ဒေါ်နုအေး (၃၀)နှစ်၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇) နှစ် နှင့် ဦးလှမောင်သန်း (၂၈)နှစ် တို့မှာ အလတ်စား၊ အသေးစား ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပေါက်တော၊မြို့ပေါ်ရပ်ကွက် (၁) မှ ဦးညီညီအောင်တွင် အပြင်းစား ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
နောက်ဆက်တွဲထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု၊ ပျက်စီးမှုများအား သိရှိ၇ပါက ထပ်မံတင်ပေးသွားပါမည်။
ဓာတ်ပုံ-၂၀၂၄ ခုနှစ်၊ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ်စစ်ကောင်စီ၏ Y12 လေယာဉ်နှင့် ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ပေါက်တောမြို့မှ အပြစ်မဲ့အရပ်သားပြည်သူများ