Preview

ရန်ကုန်သို့ဆေးကုသရန် သွားရောက်လိုသည့် ကျောက်ဖြူဒေသခံ ကျန်းမာရေးမကောင်းသူများအနေဖြင့် လေယာဥ်လက်မှတ်တစ်စောင်ရရှိရန် ကျပ် ၁၀ သိန်းနီးပါးကုန်ကျနေ

ဇွန် ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :1209
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန်  ၁၂/ ၂၀၂၄

ရန်ကုန်မှသို့ဆေးကုသရန် သွားရောက်လိုသည့် ကျောက်ဖြူဒေသခံ ကျန်းမာရေးမကောင်းသူများအနေဖြင့်  ထောက်ခံစာ အပါအဝင် လေယာဉ်လက်မှတ် တစ်စောင် ရရှိရန် ကျပ် ၁၀ သိန်းနီးပါး ကုန်ကျနေကြရသည်ဟု သတင်းရရှိသည်။ 

လက်ရှိစစ်ကောင်စီက ကျောက်ဖြူတွင် လေယာဉ် လက်မှတ်ဝယ်ယူခွင့်အား တင်းကျပ်စွာ ကန့်သတ်ထားပြီး စကစ၏ သတ်မှတ်ချက်အရ ရန်ကုန်သို့ ကျန်းမာရေး မကောင်း၍ ဆေးကုသရန် သွားရောက်လိုသူ ကျောက်ဖြူဒေသခံများအနေဖြင့် ဆရာဝန်ထောက်ခံစာ၊ ခရိုင်စီမံဌာနမှ ထောက်ခံစာ၊ မြို့နယ်ထွေအုပ်ထောက်ခံစာများပါမှ လေယာဉ်လက်မှတ်ဝယ်ယူ၍ ရကြောင်း သိ၇သည်။

မြို့နယ်ထွေအုပ်အနေဖြင့်လည်း ရန်ကုန်သို့ သွားရောက်လိုသည့် ကျန်းမာရေး မကောင်းသူများ၏ စာရင်းကို ကျောက်ဖြူဗျူဟာသို့ တင်ပြရပြီး ဗျူဟာမှူးခွင့်ပြုမှသာ ထောက်ခံစာကို ထုတ်ပေးရသည်ဟု ရန်ကုန်သို့ သွားလိုသည့် ကျန်းမာရေး မကောင်းသူ တစ်ဦး၏ ဆွေမျိုး အမျိုးသမီးတစ်ဦးက ပြောသည်။

“ ရန်ကုန်ကို ဆေးကုသွားဖို့ အတွက် လေယာဉ်လက်မှတ် တစ်စောင်ရဖို့ဆိုတာ မလွယ်ကူဘူး။ လေးကြိမ်ငါးကြိမ် ထွေအုပ်အပါအဝင် သက်ဆိုင်ရာတွေကိုစာတင်ရတယ်။ ပိုက်ဆံတွေလည်း လေးငါးသိန်းကုန်တယ်။  ဒါပေမယ့် တစ်လလောက်ကြာသွားတယ် ခွင့်မပြုဘူး။ အဲ့ဒါက ဗျူဟာမှူးကို စာတင်တော့ ဗျူးဟာမှူးဆီက ခွင့်မပြုလို့ သိ၇ပါတယ်” ဟု ပြောသည်။

လေယာဉ် လက်မှတ်ဝယ်ရန် ထောက်ခံစာ မရရှိ၍ ရန်ကုန်သို့ ဆေးခန်းပြရန်မသွားရသဖြင့်  လူနာအခြေအနေမှာ ပိုဆိုးရွားလာ၍ ထပ်မံထောက်ခံစာ ရရှိရန် ဆက်လက်ကြိုးပမ်းရာ လူနာအား ကျောက်ဖြူဆေးရုံသို့  ပထမ ပို့ခိုင်းပြီး ဆရာဝန်လက်မှတ်ရမှ လေယာဉ် လက်မှတ်ဝယ်ရန် ထောက်ခံစာရရှိခဲ့သည်ဟု သူမက ပြောကြားသည်။

“ ဆေးရုံကဆရာဝန်လက်မှတ်ပါတာတောင် ပထမကခွင့်မပြုဘူး။ လူနာက လက်မှတ်ရဖို့ စောင့်ရင်းနဲ့ ရောဂါ အခြေအနေက ဆိုးရွာလာတယ်။  နောက်ဆုံးတော့ အခြေအနေမဟန်တော့မှသူတို့က ကျောက်ဖြူ ဆေးရုံကိုအရင်တက်ခိုင်းတယ်။ ပြီးမှ ဆေးရုံက ဆရာဝန်လက်မှတ် တောင်းရတယ်။ နောက်တော့  မတတ်သာလို့ လေယာဥ် လက်မှတ်ရသွားတယ်။ အဲ့ဒါတောင်လေယာဥ်လက်မှတ်တစ်စောင်ကို ပေးရတာက သုံးသိန်းခွဲ လေးသိန်းနီးပါး။ ဟိုလူကို ပေးဒီလူကိုပေးရတာနဲ့ လေယာဉ်လက်မှတ်စောင်၇ဖို့ ကျပ် သိန်း ၁၀ နီးပါးအထိ ကုန်တယ်။ တချို့ဆို ၁၀ သိန်း ကျော်အထိ ကုန်ကျတယ်” ဟု ပြောသည်။

ရန်ကုန်သို့ ဆေးကုသမှုခံယူရန်သွားရောက်လိုသည့် ကျန်းမာရေးမကောင်းသည့် ရခိုင် ကျောက်ဖြူမြို့မှ ဒေသခံများအနေဖြင့် ယခုလို လေယာဥ်လက်မှတ်ရရှိရန် အထူးအခက်အခဲဖြစ်နေကြရပြီး ငွေကြေး မတတ်နိုင်သူများမှာ ပို၍ အခက်အခဲများဖြင့် ကြုံတွေ့နေကြရသည်ဟု  သတင်းရရှိသည်။

လက်မှတ်တစ်စောင် ဝယ်ယူခွင့်ရရန်အတွက် လိုအပ်သည့် ထောက်ခံစာတစ်စောင်ရရန်  သက်ဆိုင်ရာမယကနှင့် ထွေအုပ်တို့ထံ ငွေ ၅ သိန်းခန့်ထိ ပေးရကြောင်း၊ စာအကြိမ်ကြိမ် တင်ရကြောင်း၊  ဗျုဟာမှူးမှ ခွင့်မပြုသဖြင့် မရနိုင်ဘဲတစ်လကြာသည်အထိ ကြန့်ကြာမှုရှိနေကြရကြောင်း ကျောက်ဖြူမြို့မှ ဆေးကု သမှုခံယူရန်သွားရောက်မည့်သူ နောက်ထပ် ဒေသခံ တစ်ဦးကလည်း  ပြောကြားသည်။

၎င်းက “ မရှိတဲ့သူတွေကတော်တော်ဒုက္ခရောက်တယ်။ သူတို့ဘက်က ခွင့်ပြုချက်ရမှ လက်မှတ်ဝယ်ရတယ်။ဝယ်လို့ရရင်တောင်  လေယာဥ်လက်မှတ်ဈေးထက်တခြားသက်ဆိုင်ရာတွေကို ငွေပေးရတာက များများ ဆိုတော့ တကယ့်မရှိတဲ့လူတွေကတော်တော်လေးကိုအဆင်မပြေကြဘူး။ တချို့ဆို စိတ်ဓာတ်တွေကျလို့”ဟုပြောသည်။

လက်ရှိတွင်ကျောက်ဖြူမှ တရုတ်များသာ ရန်ကုန်ကို အလွယ်တကူသွားရောက်ခွင့် ရသည်ဟု မြိုခံ အမျိုးသမီး တစ်ဦး နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ဒေသခံတွေကိုသာတင်းကျပ်ပြီး သွားလာခွင့်ပိတ်ထားတာ။ တရုတ်စီမံကိန်းတွေက တရုတ်တွေက အခု သွားချင်ရင် အခု၇တယ်။ ခွင့်ပြုပြီးသား”ဟု ပြောသည်။

တောင်ကုတ်မြို့တွင်အနယ်အရပ်ရပ်မှ လူနာ များသည်လည်း ရန်ကုန်သို့ သွားရောက်ပြီး ဆေးကုသခွင့်ရရန် အတွက်စစ်ကောင်စီဆီမှ ထောက်ခံချက်ရရန် စောင့်ဆိုင်းနေရသည်ဟု  သိ၇သည်။

ရန်ကုန်သို့ဆေးကုသရန် သွားရောက်လိုသည့်လူနာတစ်ဦးသည်  မြို့နယ်ဆရာဝန်ဆေးထောက်ခံစာ၊ ခရိုင် စီမံဌာနမှ ထောက်ခံချက်များပါမှ ခရီးသွားခွင့်ရပြီးကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကလည်းအဆိုပါ ထောက်ခံစာများပါမှ ဖြတ်သန်းခွင့်ပြုသည်ဟု သိ၇သည်။

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.