Preview

ရေတပ်က တောင်းသည့်ငွေကိုမပေးနိုင်၍ နတ်မြစ်အတွင်း စက်လှေတစ်စီးကို စစ်ရေယာဉ်က ဝင်တိုက်ရာမှ စက်လှေနစ်မြုပ်ပြီး ကလေးငယ်များအပါဝင် မွတ်ဆလင် ၃၈ ဦး ရေနစ်သေဆုံးဟုဆို

ဇွန် ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :1650
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ဇွန် ၁၂ /၂၀၂၄

အကြမ်းဖက် စစ်ကောင်စီ ရေတပ်က တောင်းသည့်ငွေကိုမပေးနိုင်၍ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားသည့် စက်လှေတစ်စီးကို ယခုလ ၉ ရက်နေ့က နတ်မြစ်အတွင်း စစ်ရေယာဉ်က ဝင်တိုက်ရာမှ စက်လှေ နစ်မြုပ်သွားပြီး ကလေးငယ်များနှင့် အမျိုးသမီးများအပါဝင် မွတ်ဆလင် ၃၈ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံမွတ်ဆလင်များနှင့်ကျန်ရစ်သူ မိသားစုများက နိရဉ္စရာသတင်းဌာနကို ပြောသည်။ 

ဒေသခံ မွတ်ဆလင်တစ်ဦးက "နေဗီဝင်တိုက်ပြီးနစ်မြုပ်သွားတဲ့ စက်လှေက ဘင်္ဂလားဒေ့ရှ်က စက်လှေပါ။ ဒီမြန်မာဘက်ကို စက်ပစ္စည်းတွေကိုလာပို့တာပါ။  နတ်မြစ်မှာရှိတဲ့ မြန်မာရေတပ်ကို ငွေပေးပြီး မောင်တော မောင်နီရွာကိုလာပို့တဲ့ စက်လှေပါ။ ရေတပ်နဲ့ စက်လှေ သမားတွေက အမြဲတမ်းညှိပြီး လုပ်စားနေကြတာပါ။ စက်လှေအပြန်မှာ မောင်တောကနေဘင်္ဂလာဘက်ကို ဆေးကုဖို့သွားကြတဲ့ မွတ်ဆလင်မိသားစုတွေနဲ့စစ်ဘေးရှောင်ကြတဲ့ မိသားစုတွေ တင်ယူသွားတာပါ။ ဒါကို ရေတပ်က တစ်ဦးကိုဘင်္ဂလာတာကာငွေ ၆၀၀၀ စီ တောင်းတယ်လို့ သိ၇တယ်။လူ ၄၀ ကျော်ဆိုတော့  မြန်မာငွေနဲ့ဆို သိန်း၁၀၀ ကျော်မယ်။ သူတို့တောင်းတဲ့ ငွေကများတော့ စက်လှေသမားက မပေးနိုင်ဘူးလို့ သိရပါတယ်။ ဒါနဲ့  ခုလိုစက်လှေကို ဝင်တိုက် လိုက်တာလို့ သိ၇တယ်" ဟု ပြောဆိုသည်။

ထိုသို့ ဝင်တိုက်လိုက်သဖြင့် စက်လှေပေါ်တွင် ပါလာသူ လူပေါင်း၄၅ ဦးတွင် စက်လှေသမား ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား၂ ဦး စုစုပေါင်းရ ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး  ကျန် ၃၈ ဦးစလုံး သေဆုံးခဲ့၇သည်ဟု ၎င်းက ပြောကြားသည်။

သေဆုံးခဲ့ကြရသူများအထဲတွင် မောင်တောမြို့ဧတေလီယာကျေးရွာမှ ဦးဟူဆောင်းချရ် (၃၈) နှစ်(ဘ) ဦးအဘူဆီဒိလ်၊ ၎င်း၏ (၁၀)နှစ်အရွယ်သားနှင့် (၈) နှစ်အရွယ် သမီးငယ်အပါအဝင် သားဖ(၃)ဦးတို့ ပါဝင်သွားသည်ဟု ၎င်းက ပြောဆိုသည်။

ယင်းပြင် မြို့မကညင်တန်းရပ်ကွက် AZGရုံးအနီးတွင်နေထိုင်သူ ဦးဆော်ဒူလာဗီ၏ ဇနီး (၅၀) နှစ်ခန့်နှင့် အသက် ၂၀ နှစ်ကျော်ရွယ် သမီး(၂)ဦး အပါအဝင် သားအမိ (၃)ဦး၊ အမှတ်(၅)ကွက်နေကိုအာရ်မာန် ၂၄နှစ်(ဘ) ဦးနုရ်ဆလင်အပါအဝင် မိသားစု(၅)ဦးတို့ ပါဝင်သည်ဟု မိသားစုဝင်များထံမှ သိ၇သည်။

သေဆုံးသူများ အထဲတွင် စစ်ဘေးရှောင်များသူများအထဲက ရွှေဇားလဘော်ဇားကျေးရွာနှင့် မောင်နီကျေးရွာမှ(၁၅)ဦးခန့် ၊ ဘူးသီးတောင်နခခ(၃)အား အေအေသိမ်းပိုက်ရာမှ လွတ်မြောက်လာသူ မွတ်ဆလင် အကျဉ်းသား(၉)ဦးတို့ ပါဝင်ကြောင်း ဒေသခံများထံမှသိ၇သည်။

၎င်းစက်လှေသည်  ဆေးကုရန်လိုအပ်နေသူ မိသားစုဝင်များ၊ စစ်ဘေးရှောင်သူ စုစုပေါင်း(၄၁)ဦး နှင့် စက်လှေသမား(၄)ဦး စုစုပေါင်း (၄၅) ဦးကိုတင်ဆောင်၍  ဇွန်လ၉ ရက်နေ့တွင်  မောင်တောမြို့ မောင်နီကျေးရွာမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာလာစဉ်  နတ်မြစ်အတွင်း နစ်မြုပ်ခံခဲ့၇ခြင်း ဖြစ်သည်။

နောက်ထပ် မွတ်ဆလင် လူကြီးတစ်ဦးက  "စက်လှေ နစ်မြုပ်ပြီးသေဆုံးသွားတဲ့သူတွေအထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေ များတယ်လို့ သိ၇ပါတယ်။စက်လှေပေါ်မှာ စက်လှေသမား ၄ ဦး အပါအဝင်အားလုံး ၄၅ ဦးမှာပါတယ်လို့ သိ၇ပါတယ်။ စက်လှေသမား ၄ ဦးနဲ့အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၇ ဦးသာ လွတ်မြောက်ခဲ့ကြတယ်။ ကျန်တဲ့၃၈ ဦးလုံးသေဆုံးခဲ့ရတယ်လို့ သိ၇တယ်" ဟု ပြောကြားသည်။

စစ်ကောင်စီ ရေတပ်နေဗီမှဝင်တိုက်ပြီးနစ်မြုပ်ပစ်ခဲ့သည့် စက်လှေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဖြစ်ပြီး  မြန်မာရေတပ်အားငွေပေးပြီး စက်ပစ္စည်းများလာပို့ပြီး အပြန်တွင်  မောင်တော-မောင်နီ ကျေးရွာသို့လာပို့ အပြီး ဘင်္ဂလားဒေ့ရှ်ဖက်သို့ အပြန်၌ ခရီးသည်များတင်ဆောင်လာစဉ် စစ်ကောင်စီ ရေတပ်မှ ငွေတောင်းမ၇သည့် အတွက်ဝင်တိုက်လိုက်ခြင်း ဖြစ်ကြောင်း မွတ်ဆလင်လှေသမား တစ်ဦးကလည်း ပြောဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများနှင့် မောင်တောမြို့နယ်ရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

မောင်တောပြည်သူ့ဆေးရုံကြီးအားစစ်ကောင်စီက ပိတ်သိမ်းခဲ့ပြီးနောက် မောင်တောမြို့ရှိဒေသခံ ပြည်သူများမှာ ဆေးကုသရန်အခက်တွေ့နေကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ဆေးသုသရန် သွားရောက်ကြရသည်ဟု  သိ၇သည်။

ဓါတ်ပုံ- မောင်တော မောင်နီရွာ ဆိပ်ကမ်း (ပုံဟောင်းသာ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.