ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

စစ်​ရေးကြောင့် “ ရုတ်ရုတ်.. ရုတ်ရုတ်” ဖြစ်နေသည့် တောင်ကုတ်တွင် မိုင်တဲလ် ဖုန်းလိုင်းများ ၁၁ နာရီကျော်ကြာ ပြတ်တောက်ပြီး လျှပ်စစ်မီးပါပြတ်တောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 720

 ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ ဇွန် ၁၂ / ၂၀၂၄

အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တော့မည်ဟု ထွက်ပေါ်နေသည့် စစ်ရေးသတင်းကြောင့် “ရုတ်ရုတ် ရုတ်ရုတ်” ဖြစ်နေသည့်  တောင်ကုတ်မြို့တွင် Mytel ဖုန်းလိုင်းများ ၁၁ နာရီကျော်ကြာ ပြတ်တောက်သွားခဲ့ပြီး လျှပ်စစ်မီးမှာလည်း လက်ရှိအချိန်ထိ ပြတ်တောက်နေသဖြင့် အခြအနေ စိုးရိမ်စရာဖြစ်နေရသည်ဟု  မြို့ခံများနှင့် ဒေသခံများကပြောသည်။

တောင်ကုတ်မြို့ပေါ်တွင် Mytel နှင့် ATOM ဖုန်းလိုင်းနှစ်ခုသာရရှိနေခဲ့ရာမှ ယနေ့ဇွန်လ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်တွင် Mytel ဖုန်းလိုင်း စတင်ပြတ်တောက်သွားပြီး ယခုညနေ ၆ နာရီ ၃၉ မိနစ်တွင်မှ ပြန်လည်ရရှိလာကြောင်း တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

" မနက်စောစောကြီးကပဲ Mytel ဖုန်းလိုင်းတွေ အကုန်ပျောက်သွားတယ်။ ဘာကြောင့် ပြတ်သွား တာလဲတော့ မသိရဘူး။ မိုးကြီးလို့ပြတ်တောက်သွားတာလား။ဘာကြောင့်လဲဆိုတာ။ အခုညနေမှပဲ ပြန်ပေါ်လာတယ်။ ဖုန်းလိုင်းပြတ်တောက်သွားတော့ အဆက်သွယ်တွေပါ ပြတ်တောက် ကုန်တယ်။ စစ်ရေးအခြေအနေကလည်း ရုတ်ရုတ်.. ရုတ်ရုတ်  ဖြစ်နေတော့ စိုးရိမ်မိတယ်" ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့နယ်မှ ကျေးရွာများတွင်လည်း Mytel ဖုန်းလိုင်းများ အလားတူ ပြတ်တောက် သွားခဲ့သည်ဟု သိရသည်။

ယနေ့မနက်ကပင် ဖုန်းလိုင်းနှင့်အတူ တောင်ကုတ်  တစ်မြို့နယ်လုံး လျှပ်စစ်မီးပါပြတ်တောက်သွားပြီး ညနေပိုင်းတွင် ဖုန်းလိုင်းများပြန်လည်ရရှိလာသော်လည်း လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ် ကြောင်း တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

" လျှပ်စစ်မီးပါပြတ်သွားတာ။ အခုဖုန်းလိုင်းပြန်ပေါ်လာပေမယ့် လျှပ်စစ်မီးကတော့ ပြတ်နေသေးတယ်" ဟု သူမက ပြောသည်။

ယနေ့တစ်ရက်လုံးမိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကုတ်မြို့ပေါ်မှ မြေနိမ့်ပိုင်းရပ်ကွက်တချို့တွင် ရေကြီးရေလျှံဖြစ်နေကြောင်းလည်း တောင်ကုတ်မြို့ခံများကပြောသည်။

တောင်ကုတ်မြို့သည် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅)အခြေစိုက်ရာမြို့ဖြစ်ပြီး အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် သိမ်းပိုက်မည်ဟု ကြေညာထားသည်။

ယမန်နေ့ဇွန်လ ၁၁ ရက် မနက်ပိုင်းက တောင်ကုတ်မြို့၊ပန်းမြောက်တောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်နှင့် စကခ(၅)လက်အောက်ခံမြို့ပေါ်တပ်ရင်းများက တောင်ကုတ်ရိုးမ ပေါ်ကနေ အာရက္ခတပ်တော် (AA)စစ်သည်များ မြို့ကိုထိုးဖောက်ဝင်ရောက် လာမည်ကို ကြောက်လန့်ပြီး လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ တံခွန်ကျေးရွာအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုရှိခဲ့သည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ