သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဇွန် ၁၃/၂၀၂၄
ရခိုင်ပြည်တောင်ဘက်ပိုင်းတောင်ကုတ်မြို့ကို အာရက္ခစစ်သည်တော်များဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကားလမ်းပေါ်ရှိ ကွမ်းစမ်းတံတားကိုစစ်ကောင်စီ ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။
တောင်ကုတ်မြို့နှင့်(၈)မိုင်ခန့်အကွာအဝေးတွင်ရှိသည့် ၎င်းရွှေကွမ်းစမ်းတံတားကိုဇွန် ၁၀ ရက် နေ့ည အချိန်က တောင်ကုတ်မြို့ပေါ်မှစစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးသွားခဲ့သည်ဟု တောင်ကုတ် မြို့နယ်မှ ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ဖျက်တာက ညဖက်ဖျက်တာ။ တံတားကသံနဲ့သစ်သားနဲ့လုပ်ထားတာ။ သူတို့ကသစ်သားတွေအကုန် ဖြုတ်ပြီးလွင့်ပစ်ထားတယ်။ အခုတံတားကို အသုံးပြုလို့မရတော့ဘူး"ဟုပြောသည်။
ယခုတံတားအား အသုံးပြုပြီး အာရက္ခတပ်တော် တောင်ကုတ်မြို့ထဲသို့ ထိုးစစ်ကို ကြောက်၍ စစ်ကောင်တပ်သည် လမ်းနှင့်တံတားဖျက်ဆီးခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီတပ်သည် အကြောက်တရားလွမ်းမိုးနေသဖြင့် ယခုကဲ့သို့ အများပြည်သူ သွားလာမှုပြုသည့် လမ်းကို ဖျက်ဆီးခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့မှလူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
" တောင်ကုတ်ဖက်မှာ လမ်းတွေကိုဘတ်ဟိုးတူးတာတွေ အရင်လတွေကလည်း မကြာမကြာ လုပ်တယ်။ အခုတံတားတွေကိုပါ ဖျက်ဆီးနေပြီ။တောင်ကုတ်မြို့ကို မကြာခင် တိုက်တော့မယ်ဆိုတာစိုးရိမ်နေတာကြောင့် လမ်းတွေ၊ တံတားတွေကိုလိုက်ဖျက်နေတာ။သူတို့က အေအေ ဝင်လာနိုင်တဲ့ လမ်းတွေ၊ တံတားတွေကို ဖျက်ဆီးနေတာ"ဟုပြောသည်။
၎င်းတံတားသည် ရွှေကွမ်းစမ်းရွာ၊ကင်း တောင်၊ ရွာမ စသည့် ကျေးရွာများမှ ဒေသခံများ အသုံးပြုလျက်ရှိသည့် ပေါင်းကူးတံတားဖြစ်သည်ဟုဒေသခံများကပြောသည်။
တောင်ကုတ်မြို့နယ်ဒုံရွာနှင့် မီးကျောင်းထိုးရွာကို ဆက်သွယ်ထားသည့်ရွာချင်းဆက်လမ်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၃ရက်နေ့က တောင်ကုတ်မြို့မရဲစခန်းမှရဲများအပါအဝင် စစ်ကောင်စီအင်အား ၁၀ ယောက်ကျော်ဖြင့် ရောက်ရှိလာပြီးဘတ်ဟိုးတစ်စီးဖြင့် ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
၎င်းအပြင်လွန်ခဲ့သည့် မတ်လအတွင်းကလည်း ၇ခိုင်နှင့် ပြည်မဆက်သွယ်ထားသည့်အမ်း-စစ်တွေ လမ်းပိုင်း အမ်း-တပ်တောင်လမ်းပိုင်းနှင့်အမ်း-မအီလမ်းပိုင်းတို့ဖြစ်သည့် အမ်းမြို့အဝင် ကားလမ်း သုံးခုကိုဘတ်ဟိုးများဖြင့် တူးကာ ကားများဖြင့် သွားလာ၍ မရအောင်ဖျက်ဆီးခဲ့ကြောင်းအမ်းမြို့ ဒေသခံများ၏ပြောပြချက်အရသိ၇သည်။
စစ်ကောင်စီသည် ပြီးခဲ့သည်မတ်လ ၁၉ ရက်မနက်ပိုင်းတွင် လည်း တောင်ကုတ်- အမ်းလမ်းဖြစ်သည့်တောင်ကုတ်တက္ကသိုလ်အနီးစစ်ဆေးရေးဂိတ်နှင့် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကြားလမ်းမကြီးကိုဖြတ်၍ ဆည်ဖို့ပစ်လိုက်ပြီး စစ်ဆေးရေးဂိတ်အနီးတွင်လည်းလမ်းကိုဘက်ဟိုးနှင့်တူး၍ ဖျက်ဆီးပစ်ခဲ့ကြောင်းတောင်ကုတ်မြို့ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ရခိုင်ပြည်တွင်ပြည်သူများသွားလာရေး အဓိကကျသော တံတားများဖြစ်သည့် စစ်တွေ အမြင့်ကျွန်း ကျေးရွာ အနီးရှိမင်းချောင်းတံတားနှင့် မောင်တောမြို့နယ်မှ ပန်းဇင်းမော်တံတား၊ လှဘော်ဇားတံတား၊ ၃ မိုင်တံတား၊မအီတံတား၊ ကျောက်ကြီးပေါက်တံတား၊ အလယ်သံကျော် ကွန်ကရစ်တံတားကြီး အပါအဝင် တံတားပေါင်း၁၀ ကျော်ကို စစ်ကောင်စီက ဖျက်ဆီးထားခဲ့ပြီဖြစ်သည်။
၇ခိုင်စစ်ပွဲ (၆) လကျော်အတွင်းလူနေအိမ် ၈၄၅၁ဆောင်၊ စာသင်ကျောင်း ၁၉ကျောင်း၊ ဆေးရုံ ၉ ဆောင်၊သာသနိကအဆောက်အအုံ ၆၁ဆောင် နှင့် တံတား ၁၃စင်း ဖျက်ဆီးခံခဲ့၇သည်ဟုပြောသည်။
ပုံဟောင်း