Preview

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်စခန်းအား AA သိမ်းပိုက်လိုက်ပြီဟု ဒေသခံများပြောဆို

ဇွန် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :998
ရခိုင် သတင်း

( လက်ရှိ နခေါင်းတိုနှင့် ပဒင်း နယ်ခြားစောင့် စခန်းများအား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန်၁၃/၂၀၂၄

အာရက္ခတပ်တော် (AA)သည် မောင်တောတောင်ပိုင်းမှ စစ်ကောင်စီ နယ်ခြားစောင့်စခန်းများအား တစ်ခုပြီး တစ်ခု သိမ်းပိုက်နေပြီး ဇွန်လ ၁၂ရက် ညတွင် အလယ်သံကျော်စခန်းကြီးကို ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီဟု  ဒေသအတွင်း သတင်း ရင်းမြစ်များအရ သိ၇သည်။

အာရက္ခတပ်တော်သည် အင်းဒင်အခြေစိုက် နခခ (၆)၊ မြင်းလွှတ်အခြေစိုက် နခခ  (၉)နှင့် မော၇၀တီ အခြေစိုက် နခခ (၄) တို့အပါအဝင် စခန်း (၆) ခုကို သိမ်းပိုက် ရရှိပြီးနောက် အလယ်သံကျော် နယ်မြေ စခန်းအား ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်း၌ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ညအချိန်၌ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မကျည်းချောင်း မွတ်ဆလင်ကျေးရွာ ဒေသခံတစ်ဦးက "အလယ်သံကျော်စခန်းကို မနေ့က ညမှာ သိမ်းလိုက်ပြီလို့ သိရပါတယ်။ အခုလက်ရှိ နခေါင်းတိုစခန်းနဲ့ ပဒင်းစခန်းတွေကို ဒီနေ့မနက်မှာ ဆက်ပြီး ထိုးစစ်ဆင်တိုက်နေကြတယ်။ အခုအချိန်ထိတိုက်တုန်းပါ "ဟုယနေ့ နံနက် ရ ကျော်က နိရဉ္စရာ သတင်းဌာနကို ပြောကြားသည်။

ယခု အာရက္ခတပ်တော်က  သိမ်းပိုက်လိုက်သည့် အလယ်သံကျော်စခန်းသည် မောင်တောတောင်ပိုင်းမှ နာမည်ကြီး စခန်းတစ်ခုဖြစ်ပြီး စစ်သားများနှင့် နယ်ခြားစောင့်များ ရောနှော နေရာယူထားသည့် စခန်းဖြစ်ပြီး အင်အား ၂၀၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။

အလယ်အသံကျော်စခန်းအား အေအေမှ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် မောင်တောမြို့အဝင် နခခ(၅)မှ လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးခဲ့သလို ပင်လယ်ပြင်တွင်ရှိနေသည့် စစ်ရေယာဉ်နှင့် ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များဖြင့်  ဗုံးကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိ၇သည်။

နယ်မြေ(ရ) အလယ်သံကျော် စခန်းကြီးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နခေါင်းတိုနှင့် ပဒင်းစခန်းများဖက်သို့ တပ်နောက်ဆုတ် သွားခဲ့ကြသည်ဟု ဆိုသည်။.

၎င်းတပ်နောက်ဆုတ်လာသည့် အင်အားစုများနှင့် စခန်းရှိ စစ်အင်အားကို ပေါင်းကာ စစ်ကောင်စီတပ်သည် နခေါင်းတိုနှင့် ပဒင်းစခန်းတို့မှ အာရက္ခတပ်တော်ထိုးစစ်ကို ခုခံကာကွယ်နေသဖြင့် တိုက်ပွဲမှာ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။

မောင်တော ဒေသခံတစ်ဦးက "မနက်အာရုဏ်ကတည်းက တိုက်ပွဲ ပြင်းထန်စွာဖြစ်နေသံတွေကို မောင်တောမြို့ပေါ်က အထိ ကြားနေ၇တယ်။ Y-12 လေယာဉ်နဲ့ ဗုံးကြဲချတယ်။ လက်ကြီး၊လက်နက်ငယ်၊ ဒရုန်း၊ အာပီဂျီလောင်ချာ ၊ စက်သေနတ်အသံတွေ ဆူညံစွာကြားနေ၇တယ်။ နခခ(၅)နဲ့ နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်။ ဒီနေ မနက် အထိ ဆက်ဖြစ်နေကြတုန်းပါ"ဟုပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ ၌ ကမ်းထိုး ရေယာဉ်များဖြင့် နယ်မြေ(ရ) အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်း၊ ပဒင်းစခန်း၊ မကျည်းချောင်းစခန်း၊ မောင်နီစခန်းတို့ကို  စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား ဖြည့်တင်း ပေးခဲ့သော်လည်း အေအေ၏ ထိုးစစ်ကို ခုခံကာကွယ်နိုင်ခြင်း မရှိဘဲ တပ်ဆုတ်နေရသည်ဟု မောင်တော ဒေသခံစစ်ရေးသုံးသပ်သူများက ပြောကြားသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့နယ် တောင်ပိုင်း အငူမော်လမ်းရှိ စစ်ကောင်စီ အခြေစိုက် နယ်ခြားစောင့် စခန်းများ ဖြစ်ကြသည့် (၁)“တာဝါတိုင်စခန်း” အားဇွန်လ ၂ ရက်၊ ညနေ ၅  နာရီအချိန်တွင်လည်းကောင်း၊ (၂)“ကျောက်ပန္ဒူစခန်း” အားဇွန်လ  ၃ရက်၊ နံနက် ၅ နာရီ၄၀ မိနစ်တွင်လည်းကောင်း၊ (၃) “ခွဆုံပြင်စခန်း”ကိုဇွန်လ ၄ ရက် နံနက် ၅)နာရီ  ၁၅)မိနစ်အချိန်တွင်လည်းကောင်း၊ (၄)“မြင်းလွှတ်စခန်း” ကိုဇွန်လ ၄ ရက်နေ့၊ နံနက် ရ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း(၅)“အင်းဒင်စခန်း” (သို့မဟုတ်)“နခခ (၆) စခန်း” အားဇွန်လ ၆  ရက်နေ့၊ နံနက်  ၉နာရီအချိန်တွင် လည်းကောင်း၊ (၆)“နခခ (၉) စခန်း” အားဇွန်လ ရ) ရက်နေ့၊နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင့် အေအေ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဇွန်လ (ရ) ရက်နေ့တွင် သာယာကုန်းရွာပတ်ဝန်းကျင်၌တိုက်ပွဲများ ဆက်လက်ပြင်းထန် နေခဲ့ကြောင်း၊ မောင်တောမြို့နယ်၊မကျည်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှင့်မြောက်ဘက်မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီ၏စစ်စခန်းနှစ်ခု ကိုလည်း ဇွန်လ (ရ) ရက်၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊  နခခ (၂) ၏ ကာကင်းစခန်းနှစ်ခုအား လွန်ခဲ့သောနှစ်ရက်ကတည်းကပင်ဝိုင်းရံပိတ်ဆို့ထားပြီး အဆိုပါနေ့တွင်ပါ  အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင်း၊ စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံ နှင့် နခခ (၂) ဘက်သို့ထွက်ပြေးသွားခဲ့ကြကြောင်း၊ ဤတိုက်ပွဲအတွင်းမှရန်သူ့ အလောင်းအချို့၊လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း၇မိခဲ့သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

လက်ရှိဖြစ်ပေါ်နေသောစစ်ရေးအရ  အာရက္ခတပ်တော်သည် မောင်တောမြို့ အားဝိုင်းရံထားသော  စစ်ကောင်စီ စစ်စခန်းများအားတစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး များမကြာမီ မောင်တောမြို့ပေါ်အား ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာနိုင်သည်ဟုခန့်မှန်းပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။

အာရက္ခတပ်တော်မှ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားပြီး အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံပါက အသက်အန္တရာယ်ကင်းဝေးမည်ဟုလညး သတိပေးထားသည်။

၎င်းသတိပေးမှုကို ဇွန်လ ရ ရက်နေ့တွင် အာရက္ခတပ်တော်မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.