Preview

မောင်တော ဗောဓိကုန်းတွင် လက်နက်ကြီးကျည်ထိမှန်၍ လူငယ်အမျိုးသား ၂ ဦးပြင်းထန်ဒဏ်ရာရ

ဇွန် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1075
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန် ၁၃/ ၂၀၂၄

ရခိုင်ပြည်၊မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်၍လူငယ်  ၂ ဦး ပြင်းထန် ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ဗောဓိကုန်းကျေးရွာမှ အသက် ၂၀ အရွယ် ကိုရဲထွန်းလင်း နှင့် ကိုနေဝင်းသန်းတို့ ဖြစ်ကြသည်။

၄င်းတို့ နှစ်ဦးသည်ယနေ့ ဇွန် ၁၃ ရက်နေ့ နံနက် ၉နာရီခန့်က တော၊တောင်များကိုထင်းသွားခွေစဥ် မောင်တောမြို့ အခြေစိုက် မြို့သူကြီးတပ်ရင်း နခခ(၅)မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည် ထိမှန်သွား၍ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်ဟု မောင်တောဒေသခံတစ်ဦးကနိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ သူတို့နှစ်ယောက်က ထင်းသွားခွေကြတဲ့အချိန်မှာ မြို့သူကြီးတပ်ရင်းကဗောဓိကုန်းရွာရဲ့ တောတန်း၊ တောင်တန်းတွေကို လက်နက်ကြီးနဲ့ ပစ်လိုက်တာမှာ  သုံးလုံးကျပြီး လူငယ်နှစ်ယောက်ဆီမှာ ထိသွားတာ”ဟုပြောသည်။

ကိုရဲထွန်းလင်းတွင် ညာဖက်လက်မောင်းနှင့် နဖူးတွင်ဒဏ်ရာရရှိသွားပြီးကိုနေဝင်းသန်းတွင် ကျောကုန်း၊ လက်များတွင် ပြင်းထန်ဒဏ်ရာရရှိသွားကာ  နီးစပ်ရာ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရသည်ဟု မောင်တောဒေသခံတစ်ဦးကနိရဥ္စရာသတင်းဌာနကို ပြောသည်။

“ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ အသားတွေပဲ့ထွက်သွားတယ်။လက်ရှိအထိတော့ ဆေးကုသမှု ပေးနေပါတယ်” ဟုပြောသည်။

လက်ရှိတွင် မောင်တောတောင်ပိုင်း အလယ်သံကျော်မှ ကစဥ့်ကလျားထွက်ပြေးနေသည့်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး မြို့သူကြီးအခြေစိုက် နခခ(၅)တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်နေသကဲ့သို့ လေကြောင်းများမှလည်း ပစ်ကူပေးလျက်ရှိကြောင်းဒေသခံများက ပြောသည်။

၇ခိုင်တွင် ဇွန်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့ ( ၅) ရက်အတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသူ  ၅ ဦးရှိပြီး ၂၃ ဦး ဒဏ်ရာရှိခဲ့ကာ ယင်းတို့မှာ မောင်တော၊ပေါက်တော၊မြေပုံ၊ ကျောက်ဖြူနှင့် အမ်းတို့မှ ဒေသခံများ ဖြစ်ကြသည်ဟု သိ၇သည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့်  ၂၀၂၃ နိုဝင်ဘာ( ၁၃)ရက်နေ့မှ ဇွန်လ (၈) ရက်နေ့အထိ အရပ်သား သေဆုံးသူ ၃၁၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၄၆ဦး အထိရှိလာပြီဟု ဇွန်လ (၈) ရက်နေ့ကပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောခဲ့သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.