ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ပြီး စစ်ကောင်စီ စစ်ရာဇဝတ်မှုကျူးလွန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

နှင်းနွယ်နီ၊  နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂၀၂၄

အာရက္ခတပ်တော်(AA)နှင့်  တိုက်ပွဲဖြစ်ပွားလျှက်ရှိသော မြို့နယ်များ အပါအဝင် သိမ်းပိုက်ထားသော မြို့နယ်များတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ကာ စစ်ကောင်စီသည် ရခိုင် ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ဒေသခံများက ပြောကြားသည်။

ယခုရက်ပိုင်းများအတွင်း စစ်ကောင်စီသည် ရခိုင်မြို့နယ်အများအပြားကို ဖုန်းလိုင်း၊ အင်တာနက် လိုင်းများ ဖြတ်တောက်ကာ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လျှက်ရှိနေပြီး အဆိုပါ ဒေသများ၌ ဖုန်းလိုင်းများကို ဖြတ်တောက်ထားခြင်းကြောင့် သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးနေသည်ဟု စစ်တွေမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“ မနေ့က သဝင်ချောင်းမှာ ဗုံးကြဲခံရတယ်လို့တော့ ကြားနေတယ်။ ဒါပေမဲ့ ဆွေမျိုးတွေရှိတဲ့နေရာကို ဆက်သွယ်မရဘူး။ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ ဘာမှဆက်သွယ်မရဘူး။ ဗုံးကြဲပြီးမှ ရွာကလူတွေ ဖုန်းလိုင်းရတဲ့နေရာက လာဆက်မှ ဘာဖြစ်တယ်ဆိုတာ သိရတယ်။ ပြည်သူတွေနေတဲ့ နေရာကို ဗုံးလာကြဲတာမျိုးက  စစ်ကောင်စီအနေနဲ့ မလုပ်သင့်တဲ့အရာပါ” ဟုပြောသည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်က နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီသည် ပေါက်တောမြို့ပေါ် ရပ်ကွက်(၁)၊ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ၊ မနော်သီရိကျေးရွာနှင့် လက်ပံပြား ကျေးရွာတို့ကို Y12 လေယာဥ်အပြင် ဒရုံးဖြင့်ပါ ဗုံးလာကြဲခဲ့ခြင်းကြောင့် အဆိုပါ ကျေးရွာများမှ ပြည်သူ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ပလက်၀၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ အမ်း၊ ရမ်းဗြဲနှင့် မြေပုံမြို့တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ပိတ်ထားပြီး  ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် မောင်တော၊ သံတွဲ၊ ပေါက်တော၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့ကို ဗုံးကြဲခြင်းများ ပြုလုပ်လျှက်ရှိနေသည်။

ထိုအထဲတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်က သံတွဲ၊ ဆင်ခေါင်းကျေးရွာကို ဗုံးကြဲခဲ့သည့် ဖြစ်စဥ်၌ ရွာသား ၁၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အလုံး ၆၀ ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများအပြင် သူတို့ထိန်းချုပ်ရာ စစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူရွာမှ ရွာသား ၇၆ ဦးကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး မီးရှို့အလောင်းဖျောက်ခဲ့သည်။ ထိုအထဲတွင် မုဒိန်းကျင့်ခံခဲ့ရသည့် အမျိုးသမီး ၃ ဦးထဲမှ ၂ ဦး ပါဝင်ခဲ့ပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေသည်။

စစ်ကောင်စီသည် ပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် ဖုန်းနှင့် အင်တာနက်လိုင်းများကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး  တခြားတစ်ဖက်တွင် သတင်းများကို အမှောင်ချရန်ကြိုးစားကာ ပြည်သူများအပေါ်  စစ်ရာဇဝတ်မှုကျူးလွန်နေသည်ဟု  ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ အဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။

“ ဖုန်းတွေ၊ အင်တာနက်တွေကို ပိတ်ပြီး အရပ်သားပြည်သူတွေကို ကျူးလွန်သတ်ဖြတ်တဲ့ အခုဖြစ်စဥ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက်လို့ ပြောလို့ရတယ်။ လေယာဥ်နဲ့ ဗုံးကြဲလို့ သေသွားတာတွေ၊ ဆင်ခေါင်း(သံတွဲမြို့နယ်)မှာ၊ ကျောက်တော်မှာဆိုလည်း အလယ်ကျွန်းမှာ တစ်မိသားစုလုံး သေသွားတယ်။ မင်းပြား မင်းရွာမှာလည်း မိသားစုလိုက်သေသွားတာတွေရှိတယ်။ ဗျိုင်းဖြူရွာမှာ လူသတ်မှုဆိုရင်လည်း ၇၀ ကျော်တောင် ရှိတယ်။ ဒါဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်တယ်လို့ ပြောချင်တယ်” ဟုပြောသည်။

ကျောက်တော်မြို့ ဒေသခံတစ်ဦးနှင့် ဇွန်လ ၁၀ ရက် ညနေပိုင်းက အဆက်အသွယ်ရခဲ့ချိန်တွင် “ဖုန်းလိုင်းရတဲ့ နေရာကို လာဆက်နေတာ။ ခု အင်တာနက်လည်းမရ၊ ဖုန်းလိုင်းလည်း မရတော့ဘူး။ အရင်ရက်တွေတုန်းက ဖုန်းလိုင်းဖြတ်ပြီး မြို့နားက ရွာတွေကို ဗုံးလာကြဲသွားတယ်။ ဗုံးကြဲတော့မယ်ဆို လိုင်းဖြတ်တယ်။ Kpay အကောင့်ထဲမှာရှိတဲ့ ငွေလည်း ထုတ်မရတော့ အရမ်းအခက်အခဲဖြစ်နေပြီ” ဟု ပြောဆိုသွားခဲ့သည်။

ကျောက်တော်မြို့တွင် ယနေ့ ဇွန်လ ၁၂ ရက်အထိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မရသေးကြောင်း သိရသည်။

စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ပြီး လူနေမြို့နှင့် ကျေးရွာများကို ဗုံးကြဲနေခြင်းမှာ သေဆုံး၊ ဒဏ်ရာရသူများ၏ ဓာတ်ပုံများကို အင်တာနက်မှတဆင့် မီဒီယာများထံ မရောက်စေရန်နှင့် သူတို့စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို မသိစေလို၍ဖြစ်ကြောင်း ဦးမြတ်ထွန်းက ပြောဆိုသွားခဲ့သည်။

ဆက်စပ် သတင်းများ