ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

တောင်ကုတ်သို့ စစ်ကူလမ်းကြောင်း AA ဖြတ်တောက်ထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

ကံ့ကော်နီနီ ၊ ဇွန် ၁၄ / ၂၀၂၄

စစ်ရေးအ​ခြေအနေ တင်းမာနေသည့် တောင်ကုတ်မြို့သို့  ပဲခူးတိုင်းမှ စစ်ကူအင်အား မပို့နိုင်ရန်  ရခိုင်ရိုးလမ်းအား အာရက္ခတပ်တော် (AA) ပိတ်ဆို့ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

" ရိုးမပေါ်မှာ တပ်တော်(AA) ဘက်က အင်အားဖြည့်တင်းပြီး စစ်ကူလာမယ့် လမ်းတွေကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ စစ်ဆေးရေးဂိတ် အဲလိုလုပ်ထားတာလည်  တစ်ပတ်လောက် ရှိနေပြီလို့သိရတယ်။ အဓိကတော့ တောင်ကုတ်ကို ထိုးစစ်ဆင်တဲ့အခါ ပဲခူးတိုင်းဘက်က စစ်တပ်ရဲ့ စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်ထားပုံရပါတယ်" ဟု တောင်ကုတ် ဒေသခံ နိရဥ္စရာ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တောင်ကုတ်မြို့ပေါ်တွင် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) နှင့် ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့ တည်ရှိပြီး  ခမရ(၃၄၆) တပ်ရင်းမှ စစ်သားများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်၊ ကဇူးကိုင်းတိုက်ပွဲများသို့ စစ်ကူဖြည့်ထားရသဖြင့် အင်အား အလွန်နည်းပါးလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။

တောင်ကုတ်မြို့အား အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်သိမ်းပိုက်မည်ဖြစ်ကြောင်း ကြေညာထားရာ အေအေထိုးစစ်ကို ခုခံရန် အင်အားလုံလောက်မှု မရှိဖြစ်နေသည်ဟုလည်း တပ်တွင်း သတင်းရင်းမြစ်များအရ သိရသည်။

သို့အတွက် စစ်တွေမြို့မှ မွတ်ဆလင်လက်နက်ကိုင် ၃၀၀ ကို အင်အားဖြည့်တင်းထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ 

AA ကထိုးစစ်ဆင်တော့မည့် သတင်းကြောင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရင်းများနှင့် နီးစပ်သည့်ကျေးရွာများနှင့်  မြို့ပေါ်နေပြည်သူများမှာ အသီးသီးထွက်ခွာ တိမ်းရှောင်မှုများလည်း ရှိနေကြောင်း သိရသည်။

ဇွန်လ ၁၁ ရက် မနက်ပိုင်းကလည်း တောင်ကုတ်မြို့၊ပန်းမြောက်တောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီအမြောက်တပ်နှင့် စကခ(၅)လက်အောက်ခံမြို့ပေါ်တပ်ရင်းများက တောင်ကုတ် ရိုးမပေါ်ကနေ အာရက္ခတပ်တော် (AA)စစ်သည်များ မြို့ကိုထိုးဖောက် ဝင်ရောက်လာမည်ကို ကြောက်လန့်ပြီး လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ တံခွန်ကျေးရွာအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုရှိခဲ့သည်။

 

ဆက်စပ် သတင်းများ