Preview

ချင်းပြည်ကောင်စီ၏ AAနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ နှစ်ဦး၏ အမြင်

ဇွန် ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :6001
ရခိုင် သတင်း

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၁၄/ ၂၀၂၄

အာရက္ခတပ်တော်(AA) ကို ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများရှောင်ရှားရန်နှင့် ပြည်သူ့ဆန္ဒမပါဘဲ အုပ်ချုပ်ရေးဖော်ဆောင်မှုမပြုလုပ်ရန် တောင်းဆိုသည့်  ချင်းပြည် (Chinland) ကောင်စီ၏ ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ၂ဦးကိုနိရဉ္စရာသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပါသည်။

ရခိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကအဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနကိုယခုလိုပြောဆိုသည်။

ပလက်၀ဒေသကို အာရက္ခတပ်တော်မှ သိမ်းပိုက်ပြီးအုပ်ချုပ်ရေးလုပ်ဆောင်နေမှုကို မကြိုက်သည့် တော်လှန်ရေး အဖွဲ့အစည်းတချို့မှAAနှင့် ဒေသခံပြည်သူများအကြား  စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက မှတ်ချက်ပြု ပြောကြားသည်။

“ပလက်၀ဒေသ အုပ်ချုပ်ရေးပိုင်းကို ဒီအချိန်မှာ ချရမယ်။ ဘာလို့ဆိုရင် ချင်းပြည်နယ်မှာလည်း အုပ်ချုပ်ရေးပိုင်းတွေ မတည်ငြိမ်သေးဘူး။ နောက်ပြီးတော့ လုံခြုံရေးအ၇လည်း ပလက်၀ဒေသဟာ အရေးကြီးတယ်။ အဲလိုအုပ်ချုပ်ရေးတွေကို ဖွဲ့စည်းတဲ့အခါမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိလား။ ဒေသခံပြည်သူတွေကို မေးကြည့်ရဲ့လား။ ဒေသခံပြည်သူတွေ ဆန္ဒမပါဘဲ အတင်းအကျပ် အကောင်အထည် ဖော်တာလား။ အဲဒါအဓိကကျပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ချင်းပြည်ကောင်စီတို့က နိုင်ငံရေးအမြတ်ထုတ်ပြီးတော့ ဒေသခံ ပြည်သူတွေနဲ့ AA ကို စိတ်ဝမ်းကွဲအောင် လုပ်နေတဲ့ ပုံစံမျိုးလုပ်လို့ ကတော့ မသင့်တော်ဘူး”ဟု ဦးဖေသန်းက ပြောသည်။

အဆိုပါ ချင်းပြည်ကောင်စီထုတ်ပြန်ချက်နှင့်ပတ်သက်ပြီးမြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို နိရဉ္စရာသတင်းဌာနကဆက်သွယ်မေးမြန်းရာ တော်လှန်ရေးကာလတွင် စစ်ကောင်စီ သဘောကျစေမည့် အချင်းချင်းကြား သွေးမကွဲရန်လိုကြောင်း ထောက်ပြပြောဆိုသည်။

“ပြည်နယ်အလိုက် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဒေသ အတော် များများကို သိမ်းပိုက်စိုးမိုးလာနိုင်တဲ့အခါမှာ အဲဒီလိုသွေးခွဲမှုတွေကို အချင်းချင်းကြားမှာ လုပ်နေတာတွေ ရှိတယ်။ ရခိုင်မှာလည်း အေအေအဖွဲ့အစည်းကို ရိုဟင်ဂျာတွေကို ဖိနှိပ်တယ်ဆိုတဲ့ စွဲချက်တွေကို တင်ပြီးတော့ ရိုဟင်ဂျာတွေနဲ့ ဒီလူ့အဖွဲ့အစည်းကြားထဲမှာ ပဋိပက္ခဖြစ်အောင် တင်ပေးနေတာရှိတယ်” ဟုဦးသန်းစိုးနိုင်ကပြောကြားသည်။

အလားတူချင်းပြည်နယ်တွင်တောက်လျှောက်လုပ်နေသည်ကိုတွေ့၇သည်ဟု၎င်းကပြောကြာသည်.။

“ အဲဒီလိုပဲ ချင်းပြည်နယ်မှာလည်း ဒီလိုမျိုးတွေ တောက်လျှောက် လုပ်နေတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုရင် ချင်းပြည်နယ်မှာလည်း ချင်းအမျိုးသားတပ်ဖွဲ့ (CNF) ရှိတာ ပေါ့နော်။ ကျွန်တော်တို့ ချင်းညီနောင်များ အဖွဲ့အစည်းကြားထဲမှာ ရှိနေတဲ့သဘောထားကွဲပြားမှုကို အသုံးချပြီးတော့ အခုလို လူမျိုးရေးတွေ ဂိုဏ်းဂနတွေဖြစ်အောင် ဖန်တီးနေတာ။ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ သတိတရား ထားပြီး အတွင်းပိုင်း ညီညွှတ်မှုကို တည်ဆောက်ဖို့ လိုပါတယ်”ဟု ထောက်ပြ ပြောဆိုသည်။

ချင်းပြည်ကောင်စီက ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ချင်းပြည်(Chinland) ၏ အချုပ်အခြာ အာဏာသည် ချင်းပြည်(Chinland)အတွင်းရှိပြည်သူ လူထုများဖြစ်သည့် အလျောက် ULA/AA အနေဖြင့် ချင်းပြည် (Chinland)အတွင်းစစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေးဖော်ဆောင်မှုများကိုရှောင်ရှားပေးရန် နှင့် ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်းမိမိတို့ ပြည်သူလူထုများ၏ သဘောထား ဆန္ဒမပါဘဲအတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများလုပ်ဆောင်နေမှုများသည် တိုင်းရင်းသားလူမျိုးနွယ်စုများ အချင်းချင်းကြားမလိုလားအပ်သော လူမျိုးရေး ပဋိပက္ခ၊ စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက်အထက်ပါ လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးပါရန် အလေးအနက်တိုက်တွန်း အပ်ပါသည်ဟု ပါရှိသည်။

အလားတူ ဇွန်လ (၄) ရက်နေ့ကလည်းကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO)က AA အနေဖြင့်  ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်ရန် ထုတ်ပြန်ခဲ့သည်ကို တွေ့၇သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကအဆိုပါ ထုတ်ပြန်ချက်မှာ ခူမီးလူမျိုးတစ်ခုလုံးကို ကိုယ်စားပြုထားသည့် ထုတ်ပြန်ချက် မဟုတ်သည့်အတွက် မှတ်ချက်မပေးလိုကြောင်း သတင်းဌာနများကို ပြန်လည် ဖြေဆိုထားသည်ကို တွေ့၇သည်။

ချင်းညီနောင်(၆)ဖွဲ့ကဇွန်လ(၈)ရက်နေ့ထုတ်ပြန်ချက်တွင်အာရက္ခတပ်တော်နှင့်အတူလက်တွဲ၍စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီးချင်းနှင့်ရခိုင်ချစ်ကြည်ရေးကိုလည်းယခုထက်ပိုမိုခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.