တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇွန်(၁) ရက်မှ (၁၃) ရက်အထိ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် အနည်းဆုံး သေဆုံးသူ (၄၀) ဦးနှင့် ဒဏ်ရာရသူ ( ၆၄) ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၁၄/ ၂ဝ၂၄

ရခိုင်တွင် စစ်ကောင်စီက ဒရုန်း၊ ဂျက်ဖိုက်တာ၊ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ (၁၃) ရက်တာကာလ အတွင်း အရပ်သား အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အနည်းဆုံး  (၄ဝ) ဦးရှိခဲ့ပြီး  လူပေါင်း ( ၆၄) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မြို့နယ်အလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော နှင့် သံတွဲမြို့နယ်တို့မှဖြစ်ကြပြီး  နိရဉ္စရာမှ စုစည်းထားသည့် စာရင်းများအရ သေဆုံးဒဏ်ရာရရှိသူများတွင် သံဃာတော်များ၊ ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်သည်ကို တွေ့ရသည်။

ဇွန်လ(၁) ရက်နေ့

ရခိုင်မှပုဏ္ဏားကျွန်း၊ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း (၃) ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့သည်။ယင်းနေ့က ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်တို့မှ ဒဏ်ရာရရှိသူ (၆) ဦးထက်မနည်းရှိခဲ့သည်။

ဇွန်လ (၄) ရက်နေ့

အဆိုပါ ဇွန်(၁) ရက်နေ့က ဖြစ်စဉ်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာမှ ဒဏ်ရာရှိသူများထဲမှ ဆေးကုသမှုခံယူနေသူ အလယ်တန်းပြဆရာမတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

သံတွဲမြို့ဆင်ခေါင်းကျေးရွာကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သား အနည်းဆုံး ၂၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းအပြင် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် Great (7) ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြန်သည်။

  ဇွန်လ (၅) ရက်နေ့

 စစ်ကောင်စီကဇွန်၄ ရက်နေ့နှင့် ၅ ရက်နေ့နှစ်ရက်ဆက်တိုက် သံတွဲမြို့နယ်၊ဆင်ခေါင်းကျေးရွာကို ဒရုန်း၊ လေယာဉ်တို့ဖြင့် ဗုံးကြဲချမှုကြောင့် နောက်ထပ် သေဆုံးသူ (၁၄) ဦးနှင့် ဒဏ်ရာရရှိသူ (၂၄) ဦးရှိခဲ့ကြောင်း ULA/AA က ထုတ်ပြန်ချက်အရသိရသည်။

အလားတူမြို့တောင် ကျေးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကမန်လူမျိုးအဖွားအို တစ်ဦးအပါအဝင် ဒေသခံ ၂ ဦးသေဆုံးခဲ့သည်။

ဇွန်လ (၆) ရက်နေ့

ကျောက်တော်မြို့နယ်ရှောက်ချောင်းကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ပစ်ခတ်သဖြင့် အရပ်သားလူငယ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ  မောင်တောမြို့နယ်တွင် လေးမိုင်ဝန်းကျင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲချသဖြင့် မွတ်ဆလင်(၅) ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ဇွန်လ (၈) ရက်နေ့

အမ်း- မင်းဘူးကားလမ်းတွင်ခရီးသည်တင်ကားတစ်စီး၏ လက်နက်ကြီး ကျည်ထိမှန်ပြီး ကျောင်းဆရာမတစ်ဦး၊ ကလေးငယ်တစ်ဦးအပါအဝင် (၆) ဦးသေဆုံးခဲ့ပြီး နောက်ထပ်ဒေသခံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်။

ဇွန်လ (၉) ရက်နေ့

မောင်တောမြို့နယ်၊ ကိုအင်းကြီး(မြို) ကျေးရွာကို စစ်ကာင်စီက လေကြောင်းမှ ဗုံးကြဲချသဖြင့် ကျောင်းထိုင်ဆရာတစ်ပါးနှင့်အသက် (၉)နှစ်နှင့် (၁၂) နှစ်အရွယ်ကလေးနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်။
ဇွန်လ(၆) ရက်နေ့မှ (၉) ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ် ဧတေလီယာကျေးရွာအုပ်စု ၊ ဟောရီ့တုလာကျေးရွာမှ မွတ်ဆလင် (၃ )ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့ပြန်သည်။
နောက်ပြီး မောင်တော နခခ(၅)မှပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဟာဘီမွတ်ဆလင် ကျေးရွာမှ အမျိုးသမီး၊ ကလေးငယ်များအပါအဝင် သေဆုံးသူ (၅) ဦးနှင့် ဒဏ်ရာရရှိသူ (၈) ဦးခန့်ရှိခဲ့သည်။
အလားတူ မင်းပြားမြို့ပေါ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲချရာတွင် အလယ်ပိုင်းရပ်ကွက်က အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဇွန်လ (၁၁) ရက်နေ့

ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ၊ တောင်းဖူးတောင်၊ တောင်မော်ဦးနှင့် လက်ပံပြား ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုတွင် လူအနည်းဆုံး (၁ဝ) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ဇွန်လ(၁၃) ရက်နေ့

မောင်တောမြို့ ဗောဓိကုန်းကျေးရွာမှ ဒေသခံကျေးရွာသားနှစ်ဦးမှာ မောင်တောမြို့၊ မြို့သူကြီးတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်။

ယင်းကြောင့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ နိရဉ္စရာမှ ကောက်ယူရရှိထားသည့် စာရင်းများအရ သေဆုံးသူ ၄ဝ ဦးနှင့် ဒဏ်ရာရရှိသူ ၆၄ ဦးထက်မနည်းတို့မှာ မြေပြင်သတင်းများအရ ကောက်ယူထားသည့် သတင်းများအရဖြစ်သည်။ ယင်းထက်မက သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိနေနိုင်သောကြောင့် နိရဉ္စရာမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုသေဆုံးမှုစာရင်းမှာ ဗုံးကြဲချမှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူများ စာရင်းသာဖြစ်ပြီး ဗျိုင်းဖြူရွာတွင် သတ်ဖြတ်ခံခဲ့ရသည့် ၇၈ ဦး၏ အမည်စာရင်း မပါရှိပါ။

ရခိုင်တွင် စစ်ကောင်စီက စစ်ရေးအရ ရှုံးနှိမ့်လာနေသည့်အတွက် အရပ်သားပြည်သူများကို အငြိုးထား တိုက်ခိုက်မှုများပြုလုပ်နေပြီး လေကြောင်းများမှ နေ့စဉ်ရက်ဆက်ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ဒေသခံ ကလေးငယ်နှင့် အမျိုးသမီးများ နေ့စဉ်သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေကြရသည်။

ဆက်စပ် သတင်းများ