အင်္ဂါ၊ ဇွန်လ ၁၈ရက်၊ ၂၀၂၄

စစ်တွေမြို့ကို ကုန်သင်္ဘောများမဝင်၍ ကုန်စျေးနှုန်းများ ပြန်လည်မြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇွန် ၁၅/၂၀၂၄

ရခိုင်ပြည် စစ်တွေမြို့သို့ ရန်ကုန်မှ သင်္ဘောဖြင့် တင်ပို့ထားသော ကုန်ပစ္စည်းများ မဝင်ရောက်၍ ကုန်စျေးနှုန်းများ ပြန်လည် မြင့်တက်နေကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့် သင်္ဘောထွက်ခွင့်ကို ပိတ်ထားရာကနေ  ယခုလ ဇွန်လဆန်းပိုင်းအထိ  ရန်ကုန်မှ စစ်တွေသို့ ကုန်သင်္ဘောများ ထွက်ခွာခွင့်ကို ပိတ်ထားတာကြောင့် သင်္ဘောဝင်စဉ် ကြက်ဥတစ်လုံးကို ၆၀၀ ကျပ် ရှိခဲ့ရာကနေ လက်ရှိတွင် ၁၂၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သင်္ဘောဝင်တုန်းက ကြက်ဥတစ်လုံးကို ၆၀၀ အထိ စျေးကျခဲ့တယ်။ ခု တစ်လုံးကို ပြန်ပြီး ၁၂၀၀ ဖြစ်နေပြီ။ ထမင်းဆိုင်မှာ ရောင်းနေတဲ့ အသားတစ်တုံး၊ ပါးပါးလေးကို ၄၀၀၀၊ ငါးတစ်တုံး ၅၀၀၀ ဖြစ်နေပြီ။ စစ်တွေမြို့ကို ကြက်ဥ၊ အုန်းသီးက အစ ရန်ကုန်ကပဲဝင်တာ။ သင်္ဘောဝင်ရင်တောင် စျေးကြီးပေးပြီး စားနေရတာ အခုလို မဝင်တော့ ပိုပြီး ခက်လာတာပေါ့။ နောက် လုံးဝ မဝင်ရင် ငတ်ဖို့ပဲ ရှိတော့တယ်” ဟုပြောသည်။

အာရက္ခတပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်တစ်ပြည်လုံးရှိ ကုန်းလမ်း၊ ရေလမ်းများကို  စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။

မြို့တော်စစ်တွေမှ ပြည်သူများမှာ စားနပ်ရိက္ခာများကို လေကြောင်းလိုင်းမှတဆင့်မှာယူကာ စျေးကြီးပေး စားသောက်ခဲ့ရသော်လည်း ပြီးခဲ့သည့် ဧပြီလလောက်မှ စတင်ကာ စစ်ကောင်စီသည် ရန်ကုန်မှ စစ်တွေသို့ ကုန်တင်သင်္ဘောများကို ပြေးဆွဲခွင့်ပြုခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် မေလ ၃၀ ရက်မှ စတင်ကာ ရန်ကုန်မှ စစ်တွေမြို့သို့ တင်ပို့ရန် ကုန်ပစ္စည်းများကို သင်္ဘောပေါ်အပြည့်တင်ဆောင်ပြီးမှ ရာသီဥတု အခြေအနေကြောင့်ဟုဆိုကာ စစ်ကောင်စီက သင်္ဘောထွက်ခွာခွင့်ကို ပိတ်ပင်ထားခဲ့သည်ဟု ကုန်သည်အမျိုးသမီးတစ်ဦးကပြောသည်။

“ကျမတို့ ပစ္စည်းချထားတာ အရမ်းကြာနေပြီ။ ရာသီဥတုအခြေအနေကြောင့် သင်္ဘောထွက်မရဘူးပြောတယ်။ သင်္ဘောမှာ ကြက်ဥပါသူပါ၊ ကြက်သွန်နီပါသူပါ၊ ငါးခြောက်၊ မကျည်းသီး၊ အုန်းသီး၊ ဆန်၊ အဲလိုမျိုးပေါ့ ပါကြတာ။ လဆန်းပိုင်းမှာ ရောက်မယ့် သင်္ဘောက ခုထိ မထွက်သေးတော့ ကြက်သွန်နီတို့၊ ကြက်ဥတို့ဆို ပုတ်ပြီပေါ့။ တအား ရှုံးကြတော့မှာ” ဟုပြောသည်။

စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှ မွတ်ဆလင် လူငယ်တစ်ဦးက “ဒီရက်ပိုင်းမှာ လမ်းကြောင်းတွေ ပိတ်ထားတော့ ပစ္စည်းတွေပြတ်နေတယ်။ သင်္ဘောတွေဘာတွေဝင်လို့ရရင် ဆန်တွေဘာတွေ၊ ကုန်ပစ္စည်းတွေ သက်သာတယ်ပေ့ါ။ ခုက စစ်တွေကို သင်္ဘောမဝင်တာကြာပြီ။ စစ်တွေမြို့ပေါ်ကို ရန်ကုန်က သင်္ဘောဝင်တာနဲ့ သဲချောင်းက ကုန်သည်တွေကလည်း မှာကြတယ်။ လောလောဆယ် ရာသီဥတုအခြေအနေကြောင့် လမ်းပိတ်ထားတယ်ကြားတယ်” ဟုဆိုသည်။

စစ်တွေပြည်သူများ ဝယ်စားနိုင်ကြသည့် သီရိဒုံ(ဆန်ချေ)မှာလည်း လောလောဆယ်တွင် ပြတ်လပ် နေပြီဖြစ်ကာ ပေါ်ဆန်းမွှေးနှင့် ကောက်ညှင်းဆန်သာ ကျန်တော့ကြောင်းသိရသည်။

ရန်ကုန်ဆိပ်ကမ်းတွင် ပိတ်မိနေသည့် ကုန်သင်္ဘောများပေါ်တွင် ဆန်အိတ်များလည်း ပါဝင်နေသည်။

ကုန်သင်္ဘောများကို စစ်တွေသို့ ထွက်ခွာခွင့်မပေးခြင်းမှာ ရာသီဥတုအခြေအနေကြောင့်ဟု ဆိုသော်လည်း ယခုကဲ့သို့ ဆက်လက်ကြာနေအုံးမည်ဆိုလျှင် စစ်တွေမြို့တွင် စားနပ်ရိက္ခာများ ပြတ်တောက်နိုင်သည်ဟု မြို့နေပြည်သူများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ