အင်္ဂါ၊ ဇွန်လ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့ အနီးဝန်းကျင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(စစ်ကောင်စီတပ်က လူနေရပ်ကွက်များအတွင်းက ခုခံကာကွယ်)

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၅/၂၀၂၄

အာရက္ခတပ်တော် (AA)မှ မောင်တောမြို့ကို သိမ်းပိုက်ရန် အတွက် မြို့အနီးဝန်းကျင်ရှိ လက်ကျန် စစ်ကောင်စီ တပ်စခန်း ၂ ခုအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲများမှာ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

"ဒီနေ့မနက်ကတည်းက  နခခ(၂)ကိုရော နခခ(၅) ကိုပါ ဝင်တိုက်တဲ့အတွက်  တိုက်ပွဲက ပြင်းထန် နေပါတယ်။ ၄ မိုင်ဖက်က လက်ငယ်သံ‌တွေ၊ စက်သေနတ်သံတွေ ဆူညံစွာကြား‌နေရတယ်။ နခခ(၅)က ရွာသာယာ ကျေးရွာဖက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်" ဟု ၄မိုင် ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

အာရက္ခတပ်တော်မှ မောင်တောမြို့ အဝင် စခန်းများအား  ဇွန်လ ၁၅ ရက် နံနက်က ဒရုန်းများ ဖြင့်လည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ တိုက်ပွဲ ပြင်းထန်နေပြီး ဒရုန်းများမှ ဗုံးချသံများကို ကျယ်လောင်စွာကြားနေရသည်ဟု ၎င်းက ဆက်လက် ပြောသည်။

အာရက္ခတပ်တော်မှ ထိုးစစ်ဆင်လာမည်ကို သိရှိနေသည့် စစ်ကောင်စီတပ်များသည်  တပ်ရင်းထဲတွင် အပြည့်အဝ မနေထိုင်ရဲတော့ဘဲ ၄ မိုင်မွတ်ဆလင်ကျေးရွာရှိ ဦးလှခင်၏ အထပ်မြင့် တိုက် အ‌ဆောက်အဦ၌ နေရာယူထားသလို ဆင်နှစ်ကောင် ဘုန်းတော်ကြီးကျောင်းရှိ တောင်ထိပ်များ၌ ပါနေရာယူကာ  ခုခံကာကွယ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

"နခခ(၂)ကို အေအေ ထိုးစစ်ဆင်လာမှာကိုသိ‌နေတော့ တပ်ရင်းထဲမှာ နယ်ခြားစောင့်တွေ အကုန်လုံး မနေ‌ကြ‌တော့ဘူး။ ၄ မိုင် မွတ်ဆလင်ရွာက ဦးလှခင်တိုက်နဲ့  ဆင်နှစ်ကောင် ဘုန်းကြီးကျောင်း တောင်ထိပ်တွေမှာ စစ်တပ်က နေရာယူထားကြတယ်လို့သိရတယ်" ဟု  ဒေသခံ တစ်ဦးက ပြောဆိုသည်။

၎င်းပြင် နခခ(၅)၏ မြောက်ဖက်တွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ မဟာမိတ် မွတ်ဆလင် လက်နက်ကိုင်များနေရာ ယူထားသည့် ဇူလ(မွတ်ဆလင်) နှင့် ဟာလာတုလီ(မွတ်ဆလင်) ကျေးရွာကြားတွင်လည်း နှစ်ဖက် ထိတွေ့ တိုက်ပွဲငယ်များ‌ဖြစ်ပွါး‌လျှက်ရှိနေကြောင်း ဒေသခံများကဆိုသည်။

မောင်တောမြို့တွင် လက်ကျန် ၄ မိုင်အခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့ခွဲနခခ(၂)အား ဝိုင်းရန်  ပိတ်ဆို့ပြီး ထိုးစစ်ဆင်နေသလို နခခ(၅)ကိုပါ တစ်ပြိုင်တည်းထိုးစစ်ဆင်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော်သည် မောင်တောတောင်ပိုင်းက  “နခခ (၄) တပ်ရင်းဌာနချုပ်”၊ “အလယ်သံကျော်စခန်း”၊ “မောရဝတီဗျူဟာ” နှင့်  “နခေါင်းတိုစခန်း” တို့အား အပြီးသတ် သိမ်းပိုက်ပြီးနောက် မောင်တောမြို့အား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် “နခခ (၄) တပ်ရင်းဌာနချုပ်” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်မှာ သိမ်းပိုက်ပြီး “အလယ်သံကျော်စခန်း” ကို ဇွန်လ (၁၀) ရက် နံနက် (၇) နာရီ (၄၆) မိနစ် အချိန်မှာ သိမ်းပိုက်ခဲ့သည်။

နောက်ထပ်  “မောရဝတီဗျူဟာ”ကို  ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်မှာ သိမ်းပိုက်ခဲ့ပြီး “နခေါင်းတိုစခန်း” ကိုတော့  ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်မှာ  အသီးသီး ထပ်မံ သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဆက်စပ် သတင်းများ