သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန် ၁၅/ ၂၀၂၄
စစ်ရိပ်စစ်ငွေ့သန်းလာနေသည့် ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေပြီး ဂျက်ဖိုက်တာဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။
တောင်ကုတ်မြို့နယ်တွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁နာရီကျော်ခန့်ကတိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ စစ်ကောင်စီ၏ အမြောက်တပ်ရင်းမှ လက်နက်ကြီးကျည်များ အဆက်မပြတ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း မီးချောင်းထိုး၊ မောင်းကန်နှင့်ကင်းတောင် ဖက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။
“ ဒီနေ့မနက်ကတော့ ဒရုန်းတွေနဲ့ ကင်းလှည့်တယ်။ကိုင်းရှည်ဖက်၊ တပ်ဦးဖက်နဲ့ ပန်းမြောက်တောင် ဖက်မှာအမြောက်တပ်ရှိတယ်။ အဲ့ဒီဖက်က အခုလက်နက်ကြီးတွေထုနေတာ ၁၀ ချက်ကျော်ပြီ။ အခု အပေါ်က လေယာဥ်လာဝဲတယ်။ပြီးတော ဂျက်နဲ့ပစ်တာ မီးချောင်းထိုး၊ မောင်းကန်ဖက်တွေကို ကျတယ်ကြားတယ်။ စစ်ရေးအခြေအနေကမဟန်တော့ဘူး။ တင်းမာနေတယ်” ဟု ပြောသည်။
ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ ညနေ ၄နာရီခန့်မှ ၅ နာရီကျော်အထိလက်နက်ကြီးပစ်ခတ်သံ အချက် ၂၀နီးပါးထက်မနည်း ထွက်ပေါ်ခဲ့သည့်အတွက်ဒေသခံများမှာညဥ့်အချိန်တွင် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး တညလုံး အိပ်မပျော်ဘဲဖြစ်ကာကြောက်လန့်နေခဲ့ရသည်ဟု တောင်ကုတ်မြို့မှ အမျိုးသမီး တစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။
“ မနေ့ကလည်း ညနေဖက်က တောက်လျှောက် လက်နက်ကြီးတွေပစ်တယ်။တော်တော်ကျယ်တယ် အသံက၊ အခေါက် ၂၀ လောက်ကြားရတယ်။အဲ့ဒါနဲ့ညဖက်ကြီး တိုက်ပွဲဖြစ်လာမလားဆိုပြီး တညလုံး စိုးရိမ်စိတ်နဲ့အိပ်မပျော်ဘူး။ ဒီနေ့နေ့လယ်မှာ ထပ်ပြီးတော့ လက်နက်ကြီးထုသံတွေ ကြားနေရတယ်။ အရမ်းကြောက်တယ်” ဟုပြောသည်။
တောင်ကုန်တွင် စစ်ကောင်စီ၏ တပ်မ (၅)အပါအဝင် ခမ၇ (၃၄၆)နှင့် ခမ၇ (၅၄၄) စသည့်တပ်ရင်း သုံးခုသာရှိကြောင်း သိ၇သည်။
စစ်ရေးအခြေအနေတင်းမာနေသည့်အတွက် တောင်ကုတ်မြို့သို့ပဲခူးတိုင်းမှစစ်ကူအင်အား မပို့နိုင်ရန် ရခိုင်ရိုးလမ်းအား အာရက္ခတပ်တော်မှပိတ်ဆို့ဖြတ်တောက်ထားကြောင်းသိ၇သည်။
လက်ရှိတွင် တောင်ကုတ် မြို့ခံများနှင့်ဒေသခံအများအပြားမှာနေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင် သွားကြပြီး တချို့ငွေကြေးမတတ်နိုင်သူများမှာလည်းအခက်အခဲရှိနေကြသည်ဟု ဒေသခံများက ပြောသည်။