သောကြာ၊ ဇွန်လ ၂၁ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ကို အာရက္ခတပ်တော် စတင်ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

(တောင်ကုတ်တက္ကသိုလ် နောက်ဘက်ရှိ စစ်ကောင်စီ လက်နက်ကြီးစခန်းတွင်တိုက်ပွဲဖြစ်ပွားနေပြီး  မြို့ပေါ်တွင်လည်း ညအချိန် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီကလေယာဉ်နှင့် အပြင်းအထန်ဗုံးကြဲ)

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၁၅ / ၂၀၂၄

ရခိုင်ပြည် တောင်ပိုင်းက စကခ(၅) အခြေစိုက်ရာ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ယနေ့ ဇွန်လ ၁၅ ရက် ည ၈ နာရီက စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

တောင်ကုတ်တက္ကသိုလ်နောက်ဖက်တွင် အထိုင်ချထားသည့် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) လက်အောက်ခံ လက်နက်ကြီးစခန်းကို အေအေက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားနေကာ  တောင်ကုတ်မြို့ပေါ် ရပ်ကွက်နေရာ တချို့တွင်လည်း နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းဒေသခံများက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဒေသခံတစ်ဦးက " တောင်ကုတ်တက္ကသိုလ်ရဲ့ နောက်ဖက် တိမ်းချောင်းဆိုတဲ့နေရာမှာ စစ်တပ်က လက်နက်ကြီး တပ်ချထားတာ။ အဲဒီလက်နက်ကြီးတပ်ကို အေအေတပ်တော်က ထိုးစစ်ဆင်တာ။ စစ်တပ်က ညလုံးပေါက် လေယာဥ်နဲ့ ဗုံးကြဲတယ်။ တိုက်ပွဲဖြစ်တဲ့နေရာရော၊ မဖြစ်တဲ့နေရာတွေကိုပါ အကုန်ကြဲနေတာ" ဟု သူကပြောသည်။

၎င်းလက်နက်ကြီး အထိုင်စခန်းမှ  ယနေ့ ည ၈ နာရီအချိန်ကစပြီး သေနတ်သံများ အဆက်မပြတ်ကြားရသလို လေယာဉ်ပျံဝဲသံများနှင့် အပြင်းအထန် ဗုံးကြဲချသည့် အသံများကိုလည်း  ကြားရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာ အပါအဝင် တောင်ကုတ်မြို့နှင့်ထိစပ်နေသည့် ကျေးရွာများဘက်သို့လည်း ညအချိန် လေကြောင်းဗုံးကြဲမှုတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ည ၈ နာရီ ဝန်းကျင်မှ ၁၂ နာရီဝန်းကျင်ထိ ဗုံးအလုံးရေ ၁၈၀ ခန့်လောက်ထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နှင့် ထိစပ်နေသည့် ရွာသစ်ကေကျေးရွာမှ အမျိုးသားတစ်ဦး ဝမ်းဗိုက်တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိထားရပြီး အသေးစိတ် အခြေအနေများကို နိရဥ္စရာက ဆက်လက်စုံစမ်းနေသည်။

တောင်ကုတ်မြို့ခံအမျိုးသမီးငယ်တစ်ဦးက " ၉၉ သစ်စက်နားက ရွာသစ်မှာ ယောက်ျားတစ်ယောက် ဒဏ်ရာရသွားတယ်။ ဗိုက်ကို ဗုံးစထိပြီးတော့ ဆေးရုံကို ညချင်းယူသွားရတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

သေနတ်သံများကို ချောင်းကောက် မေပိုးဝါ လမ်းထဲကလည်း ကြားရသည်ဟု ပြောဆိုသည်။

" ချောင်းကောက် မေပိုးဝါ လမ်းထဲမှာလည်း တိုက်ပွဲဖြစ်သွားတယ်လို့ ကြားတယ်။ အဲဒီဘက်က သေနတ်သံတွေကိုလည်း ကြားခဲ့ရတယ်။"

တောင်ကုတ်မြို့ပေါ်နေရာတချို့တွင်လည်း ညအချိန်နှစ်ဘက်အပြန်အလှန် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသည်ဟု တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးကလည်း  ပြောသည်။

" ချောင်းကောက်ရပ်ကွက်အစွန်မှာရှိတဲ့ မုန်တိုင်းကျွန်းဘက်ကလည်း သေနတ်သံတွေ မနည်း ကြားရတယ်။ နှစ်ဘက်ပစ်တဲ့ပုံစံမျိုး ကြားရတာ အသံက။ ပြီးတော့ ဦးဥတ္တမလမ်းဘက်ကလည်း သေနတ် ပစ်သံတွေကြားရတယ်” ၎င်းက ပြောဆိုသည်။

ချောင်းကောက်ရပ်ကွက်အစွန် ဈေးချေ(ဈေးကလေး)နားသို့ ဇွန်လ ၁၅ ရက် ညနေပိုင်းကပင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အားအပြည့်နှင့် ကားတစ်စီးရောက်ရှိနေခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာများသာမက တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာများကိုပါ ညလုံးပေါက် အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုချက်များလည်း ထွက်ပေါ်နေသည်။

တောင်ကုတ်မြို့ တောင်ဘက် သံတွဲမြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ