ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

မောင်တောမြို့ ၃ မိုင်၌ မြိုတိုင်းရင်းသား ၆၀၀ခန့် စစ်ပွဲအတွင်း ပိတ်မိနေပြီးအကူအညီများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၆/၂၀၂၄

ရခိုင်ပြည် မောင်တောမြို့ ၃ မိုင်၌ မြိုတိုင်းရင်းသား မိသားစု (၉၁) စု လူဦးရေ ၅၉၅ ဦးစစ်ပွဲအတွင်း ပိတ်မိနေပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သီဟိုလ်‌အေး ကျေးရွာတာဝန်ခံက "ကျွန်တော်တို့ သီဟိုလ်အေးတစ်ရွာလုံးနဲ့ ကိုင်းကြီးဖက်က ပြေးလာကြတဲ့ မြို့မိသားစုတွေ ၃ မိုင် ဘုန်းကြီးကျောင်းမှာ ပိတ်‌မိနေကြပါတယ်။ မြို့ထဲလည်းသွားမရ။ တောင်ပိုင်လည်းသွားမရ။ မြောက်ဖက်လည်းသွားမရ။ ဈေးလည်းဝယ်မရ။ ဆန်လည်းမဝယ်နိုင်၊ ဟင်းရှာ၊ ငါးရှာလည်း မသွားနိုင်ကြပါ။ စားဝတ်နေရေး အလွန်အခက်အခဲ ဖြစ်နေကြပါတယ်" ဟု ပြောကြားသည်။

မောင်တောမြို့၃ မိုင်အနီးရှိ သီဟိုလ်အေးကျေးရွာမှ စစ်‌ဘေးရှောင်အိမ်ထောင်စု(၇၉)စု၊ လူဦးရေ (၅၃၇)ဦးနှင့် ကိုင်ကြီးကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု(၁၂) စု၊ လူဦးရေ ( ၅၈)ဦးတို့သည်  ၃ မိုင် ပရဟိတ (ဘက) ကျောင်း၌ စစ်ဘေးခိုလှုံလျှက်ရှိနေကြကြောင်း မြိုတိုင်းရင်းသားများထံမှသိရသည်။

လက်ရှိ မောင်တောမြို့၌ UN အပါ အဝင် INGO နှင့် NGO အဖွဲ့အစည်းများမရှိတော့၍ ကူညီမှုများ မရှိ‌တော့ဘဲ မိုးရာသီအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အပူတပြင်း လိုအပ်လျှက် ရှိနေကြသည်ဟု မြို့လူမျိုး စစ်ဘေးရှောင်တွေက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

" အရင်ကဆို UN၊ INGO နဲ့ NGO အဖွဲ့တွေကလာပြီး ကူညီကြတာ‌တွေရှိတယ်။ အခုဘာအဖွဲ့မှ မရှိကြတောဘူး။ ကူညီကြမယ့် အဖွဲတွေလည်းမရှိတောဘူး"ဟု ပြောကြားသည်။

အဆိုပါ သီဟိုအေး ကျေးရွာသူ/သားများသည် တော၊တောင်များသို့ သွားရောက်ပြီး မျှစ်ချိုး၊ ဟင်းခူး၊ သစ်သီးသစ်ဥများအား ရှာ‌ဖွေပြီး မြို့ပေါ်စျေးများသို့ ခြေလျှင်သွားရောက် ရောင်းချကာ အသက်မွေး ဝမ်းကျောင်းပြုနေကြသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

ယခုအခါ မောင်တောမြို့အနီး အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်  အတွက် တောတောင်များသို့ ဟင်းရှာမသွားနိုင်ကြဘဲ စားနပ်ရိက္ခာ အခက်အခဲများဖြင့် တွေ့ကြုံ နေကြရ‌ကြောင်း ရွာခံများက ပြောကြားသည်။

ဓါတ်ပုံ- (ဝေဟန်အောင်)မောင်တော၃ မိုင်ပရဟိတ္တကျောင်း၌ စစ်ဘေးခိုလှုံလျှက်ရှိနေကြ‌သော မြိုတိုင်းရင်းသားမိသားစုများအားတွေရစဉ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!