ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

ပေါက်တောကို စစ်ကောင်စီက ဗုံးလာကြဲ၍ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးအပါအဝင် ၄ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၆/ ၂၀၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်‌ကျေးရွာကို တိုက်ပွဲ တစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီမှ လေကြောင်းကနေ  ဗုံးလာကြဲ၍ ကျည်စထိမှန်ကာ သံဃာတော်တစ်ပါးအဝင် ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ကြိမ်ခွေမော် ကျောင်းထိုင်ဆရာတော်ကြီး (သက်တော် ၉၀ ကျော် ဝါတော် ၇၀)နှင့်  စစ်ဘေးရှောင်များဖြစ်ကြသည့် ဦးလှစိန် အသက်(၈၀)ကျော်၊ မောင်မင်းနိုင် အသက် (၁၆)နှစ်နှင့် ဒေါ်ယိုင်စိန်နု အသက်(၄၂)နှစ်တို့ ဖြစ်သည်။

ကြိမ်ခွေမော်ကျေးရွာကို ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ညဉ့် ၁ နာရီခန့်က စစ်တွေမှ တက်လာသည့် လေယာဉ်က  ပေါင် ၅၀၀ ဗုံးကြဲချခဲ့သည်ဟု ပေါက်တောဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ညဖက်လူ‌ တွေ အိပ်နေချိန်မှာ လေယာဉ်နဲ့ဗုံးကြဲချခဲ့တာ။  တောကျောင်းနားမှာကျလို့  ကျောင်းထိုင် ဆရာတော်နဲ့  ဘုန်းကြီးကျောင်းမှာ စစ်ရှောင်သုံးယောက် ဒဏ်ရာရသွားတယ်လို့သိရတယ်။ ဒဏ်ရာ အခြေ‌အနေက ပြင်းတယ်။ စိုးရိမ်ရတဲ့ အနေအထားရှိတယ် " ဟုပြောသည်။



ကျောင်းထိုင်ဆရာ‌တော်ကြီးတွင် မျက်နှာနှင့်ခန္ဓာ၊ ကိုယ်အနှံ့အပြားတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဦးလှစိန်တွင် ညာဖက်ပေါင်နှင့် ခန္ဓာကိုယ်အနှံ့အပြား ဒဏ်ရာရရှိသလို မောင်မင်းနိုင်တွင် ခြေသလုံး၌ ကျည်စဖောက်ဝင်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း၊  ဒေါ်ယိုင်စိန်နုတွင် ညာဖက်လက်မောင်း၊ တံတောင်ဆစ်၊ လက်တချောင်းလုံးတွင် ပြင်းထန်ဒဏ်ရာရသွားကြောင်း ၎င်းက ပြောကြားသည်။

၎င်းအပြင် ပေါက်တောမြို့ကို ယမန်နေ့ ည ၁၂နာရီ အချိန်က စစ်တွေမြို့၏ ရဲတပ်ရင်းနှင့် ကန်တော်ကြီး တပ်ရင်းဖက်မှ လက်နက်ကြီးကျည်ဖြင့်အတွဲလိုက် ပစ်ခတ်သံကို ကြားခဲ့ရသည်ဟု စစ်တွေမြို့ခံ တစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" စစ်တွေရဲတပ်ရင်းလား ကန်တော်ကြီး ၃၅၄ကလားမသိဘူး။ ဒုံးကျည် အတွဲလိုက် ပစ်တာ ကြားလိုက်ရပါတယ် " ဟု ပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ကြိမ်ခွေမော်ကျေးရွာ၏ အထက်တန်း စာသင်ကျောင်း တစ်ဆောင်လည်း ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ် အပါအဝင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့နယ် ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာနှင့်လက်ပံပြားကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ဆက်စပ် သတင်းများ