ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

စစ်ကောင်စီလေကြောင်းက ဗုံးကြဲ၍ တောင်ကုတ်မှ လူငယ်တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

 ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၁၆ / ၂၀၂၄

ယမန်နေ့ညပိုင်းက စစ်ကောင်စီကလေကြောင်းဗုံးကြဲတိုက်ခိုက်၍ ဗုံးစထိမှန်ကာ တောင်ကုတ် ဒေသခံလူငယ်တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဗုံးစထိမှန်သေဆုံးသွားသူမှာ ဝက်ကျိပ်ကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာမှ အောင်လှိုင်ဝင်း(ခ) မောင်လုံးချေ(၁၅)နှစ် ဖြစ်ကြောင်းသိရသည်။

ဇွန်လ ၁၅ ရက်ညပိုင်းက စစ်ကောင်စီတပ်ကတောင်ကုတ်မြို့အနီးတဝိုက်ကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်ကို ဗုံးစထိမှန်ကာ ဒဏ်ရာအပြင်းထန် ရရှိခဲ့ရာမှ တောင်ကုတ်ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

၎င်းလူငယ်သည် တောင်ကုတ်ကုတင်တစ်ရာ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရင်း ဇွန်လ ၁၆  ရက်မနက်ပိုင်းတွင်သေဆုံးသွားခဲ့ကြောင်း တောင်ကုတ်မြို့ခံများကပြောသည်။

"မနေ့ညကဗုံးစထိထားတဲ့ကောင်လေး ဆေးရုံမှာသေသွားပါပြီ။သူ့မှာဝမ်းဗိုက်ကို ဗုံးစထိပြီး မနေ့ကညပိုင်းမှာပဲ ဆေးရုံကိုယူလာတာ။ အခု အသက်ဆုံးပါးသွားပါပြီ " ဟု တောင်ကုတ် မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်၊ ည ၈ နာရီအချိန်က တောင်ကုတ်တက္ကသိုလ်အနောက်ဘက် တိမ်းချောင်းတွင် တပ်စွဲအထိုင်ချထားသည့် လက်နက်ကြီးစခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် ညလုံးပေါက်ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ၎င်းလူငယ် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ဇွန်လ ၁၆ ရက်မနက်ပိုင်းတွင်လည်း တောင်ကုတ်တက္ကသိုလ်အလွန် တောင်ကုတ်-မအီလမ်းပိုင်း မီးချောင်းထိုးရွာအနီး အာရက္ခတပ်တော်နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ