ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

မောင်တောမြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်၍ စစ်ကောင်စီဝင်ရောက် နေရာယူထားသော နေအိမ်၊ တိုက်တာအဆောက်အအုံများတွင် အတူပူးတွဲမနေထိုင်ကြရန် AA သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ ဇွန် ၁၆/ ၂၀၂၄

ရခိုင်ပြည် အနောက်ဘက် နယ်စပ် မောင်တောမြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်၍ စစ်ကောင်စီဝင်ရောက် နေရာယူထားသော နေအိမ်၊ တိုက်တာအဆောက်အအုံများတွင် အတူ ပူးတွဲ မနေထိုင်ကြရန် အာရက္ခတပ်တော် (AA)သတိပေးချက် ထုတ်ပြန်သည်။

ယနေ့ဇွန်လ ၁၆ ရက်​ နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊  အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာ အဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသော နေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မရှိစေရန် သတိပေးအပ်ပါကြောင်း ဖော်ပြပါရှိသည်။

ထုတ်ပြန်ချက်ပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

-------

မောင်တောမြို့နှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၁၀) ရက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက် ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခ တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။

အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသော နေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မရှိစေရန် သတိပေးအပ်ပါသည်။

မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်အပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 

ဆက်စပ် သတင်းများ