Preview

စစ်တွေ မင်းဂံရပ်ကွက်ကို စစ်ကောင်စီမှ ညအချိန်ဝင်ရောက်ပြီး လူပေါင်း ၁၅၀ နီးပါးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား

ဇွန် ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :2995
ရခိုင် သတင်း

(ဖမ်းဆီခံရသူများအထဲတွင် မသန်စွမ်းသူများနှင့် အမျိုးသမီးများပါဝင်)

သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဇွန် ၁၆/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ နေအိမ်အများအပြားအား ညအချိန် ဧည့်စာရင်းနှင့်အိမ်ထောင်စုစာရင်း စစ်သည်ဟု အကြောင်းပြကာ  လူ ၁၅၀ နီးပါးခန့်ကို ဖမ်းဆီးပြီး ကားပေါ်တင် ခေါ်ယူသွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင်ယမန်နေ့ ဇွန်လ ၁၅ရက်နေ့ ည၁နာရီခန့်ကမင်းဂံအကွက်(၅)မှစ၍  မင်းဂံအကွက်(၁၀)ထိ စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များသည် စစ်ကား (၁၀) စီးဖြင့် ရပ်ကွက်ထဲကိုဝင်ရောက်ကာ တစ်အိမ်ချင်းစီဝင်ရောက်စစ်ဆေးပြီးအသက် (၁၃)နှစ်မှစ၍ အသက်(၆၀)ကျော်အထိ မသန်စွမ်းသူများ အပါအဝင် အမျိုးသမီး၊အမျိုးသား ၁၅၀နီးပါးကိုဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" သန်းခေါင်စာရင်း၊ဧည့်စာရင်းကို အကြောင်းပြပြီးအကုန် ဝင်ဖမ်းတာ။ စာရင်းရှိတဲ့သူတွေကိုရော မရှိတဲ့သူတွေကိုရော စစ်ကားက၁၀စီးနဲ့ တင်ခေါ်သွားတာ။ အသက် ၁၃နှစ်အရွယ်ကနေ  အသက် ၆၀ ကျော်အထိအဖမ်းခံရတာ။ဘာကြောင့်ဖမ်းလဲဆိုတာက အကြောင်းပြချက်မရှိဘူး။ အမြဲတမ်း ပြည်သူတွေကို အပြစ်မရှိအပြစ်ရှာပြီး ဖမ်းနေတာ"ဟုပြောသည်။

စစ်ကောင်စီအုပ်ချုပ်ရေး အပြည့်အ၀ ရှိနေသေးသည့် စစ်တွေမြို့တွင် စစ်ကောင်စီတပ်သည် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးပြီး ညှဉ်းပမ်းသတ်ဖြတ်မှုများပြုလုပ် လေ့ရှိသဖြင့် ဖမ်းဆီးသူများအတွက် အထူးစိုးရိမ်စရာဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

“ ဗျိုးဖြူရွာဖြစ်စဉ် ဖြစ်ကတည်းက လူတိုင်းစိုးရိမ်နေကြရတာ။လူတွေကိုသတ်ကို အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေပါ ရှိနေတော့ အခုလည်း ဒီအတိုင်းမလုပ်ဘူးလို့မပြောနိုင်ဘူး။ တချို့ကတော့ ဖမ်းသွားတဲ့ သူတွေနဲ့ အဆက်အသွယ်ရပေမယ့် ပြန်လွတ်ဖို့ ငွေတောင်းတယ်လို့သိရပါတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများသည် မိသားစုနှင့်အဆက်အသွယ်ရသော်လည်းစစ်ကောင်စီမှ ငွေကြေး(ရ)သိန်းဖြင့် လာရောက်ရွေးခိုင်းသည်ဟုဖမ်းဆီးခံရသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ဖမ်းဆီးခံရတဲ့သူတွေကို အိမ်မှာကျန်ခဲ့တဲ့မိသားစုတွေနဲ့ဖုန်းပြောခွင့်ပေးတယ်လေ စစ်ကောင်စီက။ သူတို့ကို ပိုက်ဆံ ရ သိန်းနဲ့ လာရွေးပါလို့ပဲပြောတယ်။ တချို့ကတော့ ၈ သိန်း ၉ သိန်း ဒီလောက်တောင်းတယ်။  စားဝတ်နေရေးကျပ်တည်းတာကို သူတို့တောင်းတဲ့ငွေက ကျွန်မတို့အတွက် အရမ်းခက်ခဲတယ် " ဟုပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်၂၀၂၃ နိုဝင်ဘာလမှစ၍ စစ်တွေမြို့မှ ဒေသခံ ပြည်သူများနှင့် နယ်ကျေးရွာများမှဒေသခံများကို မတရားဖမ်းဆီးပြီး ငွေကြေး တောင်းကာ ပြန်လွတ်ပေးမှုများရှိခဲ့ပြီးတချို့မှာယနေ့အထိ ပြန်မလွတ်နိုင်သေးကြောင်း သိ၇သည်။

လွန်ခဲ့သည့် ဇွန်လ (၉)ရက်နေ့ကလည်းစစ်တွေမြို့နယ်၊ ကျပ်တောပြင်ကျေးရွာနှင့် အောင်တိုင်ရွာမှလူငယ်  ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး ယခုအချိန်ထိ မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်း  သိ၇သည်။

ယင်းအပြင် ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှပြည်သူ ၇၆ ဦးတို့စစ် ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသား၁၀၀နီးပါးကိုလည်း စစ်ကောင်စီ ခလ၇ (၂၀)သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိ၇သည်။

ယခုကဲ့သို့ မြန်မာစစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်မှုများပြုလုပ်နေ၍ စစ်တွေမြို့ကိုလည်း အမြန်ဆုံး ဝင်ရောက်သိမ်းပိုက်ရန် ပြည်သူများက လိုလားနေကြောင်းဒေသခံ တစ်ဦးက ပြောကြားသည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.