တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မောင်တော ကျီးကန်းပြင်နှင့် အောင်ဇေယျကျေးရွာအနီးကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၁၇ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်နှင့် အောင်ဇေယျကျေးရွာအနီးရှိ နေရာများအား စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်က ဗုံးလာကြဲခဲ့သည်ဟု သတင်းရှိသည်။

ဒေသခံတစ်ဦးက " တိုက်ပွဲဖြစ်တာဘာမှမရှိပါဘူး။ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့  မနက် ၆ နာရီ ၃၈ မိနစ်မှာ ကျီးကန်းပြင်အနီး နဲ့ အောင်‌‌ဇေယျ‌ကျေးရွာအနီး တောင်ကြားကို ဂျက်နှစ်စီးနဲ့ ဗုံးလာကြဲသွားတာ။ လူတွေကအိပ်ရာကတောင်မထကြရသေးပါဘူး။ လေယာဉ်သံကြားတာနဲ့ ဗုံးက တစ်ခါတည်း ပေါက်ကွဲသံကို ကြားရတယ်။  ရွာကအိမ်တွေ ငလျှင်လှုပ်သလိုတုန်ခါသွားတယ်။ အထိအခိုက်တော့ မသိရ သေးပါဘူး"ဟု ပြောကြားသည်။

အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကျီးကန်ပြင်ဌာနချုပ်အား ပြီးခဲ့ မေလ ၂ ရက်‌ နေ့၌ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့် စခန်းကြီးတစ်ခုဖြစ်ပြီး အဆိုပါ စခန်းအနီး နေရာအချို့တွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ 

ယခုတိုက်ခိုက်မှုသည် အာရက္ခတပ်တော်မှ မောင်တောမြို့ ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်၍ ပြည်သူများ နေအိမ်များကို စွန့်ခွာကြရန် သတိပေးကျေညာချက်ထုတ်ပြီး နာရီပိုင်းအကြာတွင် အေအေရှိနိုင်မည့်နေရာကို ဗုံးလာကြဲခြင်းဖြစ်သည်ဟု ဆိုသည်။

“ တပ်တော်က ရဲဘော်တွေရှိတယ်ထင်လို့ ဗုံးကြဲတယ်ထင်ပါတယ်။ ခုလို ဗုံးကြဲပေမယ့် ရခိုင်မှာ ဖြစ်တဲ့စစ်ပွဲတိုင်းမှာ စစ်ကောင်စီဘက်က ရှုံးနေပါတယ်။ စစ်ကောင်စီ လေကြောင်းကို အဓိက အားကိုး တိုက်ခိုက်နေပေမယ့် မောင်တောမြို့နယ်မှာ စစ်စခန်းကုန်သလောက်ရှိသွားပါပြီ” ဟု ပြောကြားသည်။

အာရက္ခတပ်တော်(AA)သည် လက်ရှိတွင် မောင်တော၊ သံတွဲ၊ အမ်း၊ တောင်ကုတ်နှင့် ကျောက်ဖြူ မြို့နယ်ရှိ စစ်‌ကောင်စီစခန်များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကို အဓိကထားကာ ၎င်းမြို့နယ်များရှိ စစ်စခန်းများ မကျစေရေးအတွက် အသည်းအသန်  ခုခံ ကာကွယ်နေသည်။

မောင်တောမြို့ထဲကိုလည်း အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်းနှင့်  ဒေသခံ ပြည်သူများ မြို့မှ အမြန်ဆုံးထွက်ခွာကြဖို့ အသိပေးထားသည်။ 

မောင်တော လူငယ် တစ်ဦးက  "စစ်တပ်က သူတို့လက်လွတ်ဆုံးရှုံးထားတဲ့ မောင်တောမြောက်ပိုင်းနဲ့ တောင်ပိုင်းက တပ်စခန်းတွေရှိတဲ့ နေရာတွေနဲ့   အရပ်သား ပြည်သူတွေနေတဲ့ကျေးရွာတွေကို‌ လေကြောင်းကနေ အချိန် မရွေးလာပြီး ဗုံးချနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ အေအေကလည်း မောင်တောမြို့က ပြည်သူတွေကို မြို့က ထွက်ခိုင်းနေတယ်။ မြို့ကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်။ မြို့ခံတွေ ထွက်ပေါက် မရှိဖြစ်နေတယ်"ဟု ပြောဆိုသည်။

အနောက်ဘက် နယ်စပ် မောင်တောမြို့အား အာရက္ခတပ်တော်မှဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်၍ မောင်တော မြို့သူမြို့သားများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်မှ အလေးအနက် အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ