ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

လုံခြုံရေးအရ လျှို့ဝှက်ထားရမည့် ဒေသခံပြည်သူများထွက်ခွာရမည့်လမ်းကြောင်း၊ စုဆုံရမည့် အရပ်နေရာများကို ဖော်ပြရန်လိုအပ်ကြောင်း NUG တောင်းဆိုမှု မဖြစ်သင့်ဟု နိုင်ငံရေးအကဲခတ်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 6.1k

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ ဇွန် ၁၇ / ၂၀၂၄

စစ်ရေးနှင့် လုံခြုံရေးအရ လျှို့ဝှက်ထားရမည့် မောင်တော ဒေသခံပြည်သူများထွက်ခွာရမည့် လမ်းကြောင်းများနှင့် တိမ်းရှောင်ရမည့်နေရာများကို ဖော်ပြရန်လိုအပ်ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၏ တောင်းဆိုချက်မှာ ပြည်သူများတိမ်းရှောင်ရန် အလွန်အန္တရာယ်များစေသလို ပြည်သူကိုဗဟိုပြုတိုက်ခိုက်နေသည့် စစ်ကောင်စီကို လမ်းပြပေးသလို ဖြစ်နေကြောင်း ရခိုင်စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ထောက်ပြကြသည်။

မောင်တောမြို့နှင့် မြို့အနီးပတ်ဝန်းကျင်ရှိ လက်ကျန်စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တော့မည်ဖြစ်၍ မောင်တောမြို့သူမြို့သားများအနေဖြင့် ယမန်နေ့ဇွန်လ ၁၆ ရက်၊ည ၉ နာရီအချိန်မှစတင်ပြီး မောင်တောမြို့မှအမြန်ဆုံးထွက်ခွာရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)က ယမန်နေ့ကသတိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ NUG လူ့အခွင့်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက AA အနေဖြင့် ပြည်သူများထွက်ခွာရမည့်လမ်းကြောင်း၊ တိမ်းရှောင်ရမည့် နေရာများကို လမ်းညွှန်ချက်ပေးသင့်သည်ဟုဆိုကာ ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ထားခြင်းဖြစ်သည်။

" ထွက်သွားခိုင်းတာတော့ဟုတ်ပါပြီ။ ဘယ်ကိုထွက်သွားရမှာလဲဆိုတာ ရှိတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရမှာလား။ အဖြေတော့ပေးရမှာလေ။ AA ရဲ့ လွတ်မြောက် နယ်မြေတွေမှာ စီစဥ်ပေးထားတယ်။ဒါမှမဟုတ် ထိန်းချုပ်နယ်မြေတွေကိုပြေးကြပါ။ အခုက အဲလို လမ်းညွှန်ချက်လည်းမတွေ့ရဘူး။ ဘင်္ဂလားဒေ့ရှ်က နယ်စပ်ပိတ်ထားတယ်။ ဘူးသီးတောင် ဘက်ကလည်း လမ်းပိတ်ထားတယ်" ဟု ဦးအောင်ကျော်မိုးက ရေးသားထားသည်။

ဒုတိယဝန်​ကြီးဦးအောင်ကျော်မိုး၏ တောင်းဆိုချက်မှာ စစ်ကောင်စီ၏ ပိတ်ဆို့မှုကြားတွင် ရောက်ရှိနေသော မောင်တောမြို့နေပြည်သူများ၏လုံ​ခြုံရေးအတွက် အလွန်အန္တရာယ်များလွန်းပြီး အကြမ်းဖက်စစ်ကောင်စီက အန္တရာယ်ပြုနိုင်ရန်လမ်းပြပေးသလိုဖြစ်နေကြောင်း ရခိုင့် စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

" ဦးအောင်ကျော်မိုးပြောသလို ပြည်သူတွေထွက်ခွာရမယ့် လမ်းကြောင်း၊ ရှောင်ရမယ့်နေရာတွေကို လမ်းညွှန်ပေးသင့်တယ်ဆိုတာတွေက ရန်သူ စစ်တပ်ကို အသိပေးသလိုဖြစ်နေတယ်။ အထူးသဖြင့် ပြည်သူတွေက စစ်ကောင်စီရဲ့ ပိတ်ဆို့ထားတာကိုခံနေရတယ်။ ဒီလို အခြေအနေမှာ အဲဒီ လမ်းကြောင်းတွေကို ပြောလိုက်မယ်ဆိုရင် ပြည်သူတွေကပိုပြီးတော့မှ ထွက်ရခက်ခဲသွားမယ်။ မောင်တောမြို့ပတ်ပတ်လည်က ULA/AA ကအားလုံးပိတ်ဆို့ထားပြီးဖြစ်တယ်။ ဘယ်နေရာက ထွက်ထွက်လမ်းကြောင်းဆိုပြီး အထူးတလည် မလိုပါဘူး။ဒေသခံပြည်သူတွေက ဘယ်လို ထွက်ခွာရမယ် ဆိုတာကိုပိုသိကြပါတယ်။ မြို့အပြင်ကို ထွက်လိုက်တာနဲ့ အကုန်လုံး AA ထိန်းချုပ် ဧရိယာထဲရောက်သွားမှာပဲ။ ဒါကြောင့် ဦးအောင်ကျော်မိုးရဲ့ ပြောဆိုချက်ဟာ လက်တွေ့မကျဘူး။ လမ်းကြောင်းတွေကို ထုတ်ဖော်ပြောလိုက်ရင်ပြည်သူတွေကိုလူသားဒိုင်းကာထားနေတဲ့ စစ်ကောင်စီကိုအသိပေးလိုက်သလိုဖြစ်သွားပြီး အန္တရာယ်စက်ကွင်းထဲ ကျသွားနိုင်ပါတယ် " ဟု ဦးဖေသန်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့က AA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ လက်ကျန်စခန်းများ အားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများ အနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံ များပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးထားသည်။

" မြို့တစ်မြို့ကိုသိမ်းတော့မယ်ဆိုရင် စစ်ရေးပြင်ဆင်မှုတွေလုပ်နေတုန်းမှာဘဲ  နားလည်တဲ့ ပြည်သူတွေကတော့ သူ့နည်းသူ့ဟန်နဲ့ AA ထိန်းချုပ်နယ်မြေတွေကိုရှောင်ပြေးသွားကြတာတွေရှိတယ်။ အခုက မနေ့ညပိုင်းမှာ အရေးတကြီး ထွက်ခိုင်းတယ်ပေါ့။ အဲဒါကလည်း မြို့ထဲကျန်နေတဲ့ ပြည်သူတွေကို ထိခိုက်နစ်နာမှု မဖြစ်စေချင်လို့ ထွက်ခွာခိုင်းတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီက ပြည်သူတွေကိုမြို့ထဲမှာ ဓားစာခံအဖြစ်ထိန်းသိမ်းပြီးပိတ်ဆို့ထားတယ်။ ပြည်သူတွေများလေ စစ်ကောင်စီအနေနဲ့ သူတို့အတွက် လုံခြုံလေဆိုပြီး လုပ်ဆောင်နေတာမျိုးပေါ့။ ဆိုတော့အခုတိုက်ပွဲကြားမှာ ညှပ်သွားမှာကို စိုးလို့ အရေးတကြီးအသိပေးလာတယ်။ လက်ကျန် ပြည်သူတွေ အနေနဲ့ ရရာလမ်းကြောင်းကနေ အေအေထိန်းချုပ်နယ်မြေတွေဆီ ထွက်ခွာကြဖို့ အကြံပြုချင်ပါတယ်" ဟု ဦးဖေသန်းကဆက်ပြောသည်။

ဆက်စပ် သတင်းများ