စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ကောက်ညှင်းဆန်က သာမာန်ရိုးရိုးဆန်ထက် စျေးချို၍ စစ်တွေတွင် ကောက်ညှင်းစားသူများလာနေဟု ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 660

နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇွန် ၁၈ /၂၀၂၄

ရခိုင်မြို့တော် စစ်တွေတွင် ကောက်ညှင်းဆန်စျေးနှုန်းမှာ သာမာန်ဆန်စျေးထက်နိမ့်နေသဖြင့် လက်လုပ် လက်စားများအနေဖြင့် ကောက်ညှင်းဆန်ကို ပို၍ ဝယ်ယူစားသုံးလာကြသည်ဟု စစ်တွေမြို့ ဆန်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခုက အလုပ်အဆင်မပြေတဲ့ လူတော်တော်များက  ကောက်ညှင်းဆန်ကို စားကြတယ်။ ကောက်ညှင်းဆိုတော့ အသားငါးမလိုတော့ဘူးပေါ့။ ကောက်ညှင်းသက်သက် စားပြီးနေကြတယ်။ ဆန်ဝယ်စားဖို့ ပိုက်ဆံမရှိသူက အများကြီးဖြစ်နေတယ်” ဟုပြောသည်။

စစ်တွေမြို့တွင် ယခင်ရက်များက သင်္ဘောမဝင်ရာမှ ပေါ်ဆန်းမွှေးဆန် ၂၄ ပြည် တစ်အိတ်လျှင် ၂သိန်း ၇သောင်း မှ သုံးသိန်း ဝန်းကျင်ထိ စျေးတက်ခဲ့သော်လည်း ယမန်နေ့က ရန်ကုန်က ကုန်တင် သင်္ဘော ၅ စီးဝင်လာသဖြင့် ပေါ်ဆန်းမွှေး တစ်အိတ်ကို  ၂ သိန်းမှ ၂ သိန်း၂ သောင်းထိ စျေးကျသွားခဲ့သည်ဟု ဆိုသည်။

သီရိဒုံ(ဒေသအခေါ် ဆန်ချေ) တစ်အိတ်လျှင် ၂ သိန်း ဝန်းကျင်ထိ စျေးတက်ခဲ့ရာမှ ယနေ့တွင် တစ်သိန်း နှစ်သောင်းဖြင့် ရောင်းချနေသလို ကောက်ညှင်းဆန်တစ်အိတ်လျှင် ၁ သိန်း ၈ သောင်း ဝန်းကျင်စျေးရှိနေရာမှ တစ်သိန်း တစ်သောင်း၊ တစ်သိန်းနှစ်သောင်းထိ စျေးကျသွားခဲ့သည်ဟု ဆန်ရှင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့ခံ တစ်ဦးကလည်း “ မရှိတဲ့သူမှာတော့ ကောက်ညှင်းစားခံကြတယ်။ အလုပ်မရှိရင် စားဖို့လည်း ခက်ခဲလာကြတယ်။ လမ်းဘေးမှာ ခွေးတွေ၊ ကြောင်တွေကအစ ငတ်လို့ ပိန်လှီနေကြတယ်”ဟု ပြောသည်။

သဲချောင်းကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးကလည်း ကုန်စျေးနှုန်းကြီးမြင့်ခြင်းအပြင် အလုပ်အကိုင် မရှိသောကြောင့် ငွေကြေးမတတ်နိုင်သော မွတ်ဆလင် အများစုမှာ ကောက်ညှင်းဆန်နှင့် ထမင်းကို ဆားဖြူး၍ စားနေကြရသည်ဟု ပြောသည်။

“ရန်ကုန်က သင်္ဘောတွေဝင်လာတော့ ဆန်စျေး နည်းနည်းကျတယ်။ ကောက်ညှင်း စားနေကြရတဲ့ သူတွေလည်း ရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေက အဆင်ပြေနေကြတယ်။ မရှိတဲ့သူတွေမှာက အကုန်လုံးစျေးတက်နေတော့ တော်တော် ဒုက္ခရောက်နေကြတယ်။ ပိုက်ဆံမရှိတဲ့သူတွေတော့ ဒီအတိုင်း ထမင်းသက်သက် စားနေကြရတာပေါ့၊ ဆားနဲ့တို့ပြီးတော့။ သားငါး ဟင်းသီးဟင်းရွက်တွေက စစ်တွေမှာ တအား စျေးကြီးတယ်”ဟုပြောသည်။

လက်ရှိစစ်တွေမြို့တွင် ဆန်ဆိုင် ၄ ဆိုင်ခန့်သာ ရောင်းချနေပြီး အဆိုပါ ဆန်ဆိုင်များတွင်လည်း ရန်ကုန်က သင်္ဘော စစ်တွေသို့ မဝင်ပါက သီရိဒုံဆန်(ဆန်ချေ)နှင့် ပေါ်ဆန်းမွှေးဆန်များ အဆမတန်မြင့်တက်သွားသည်ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့မှ ဆန်ဆိုင်များမှာ ရခိုင်တွင် ကုန်းလမ်း၊ ရေလမ်းများပိတ်ပင်ထားသောကြောင့် မိမိဒေသထွက် ဆန်များကို ရောင်းချခွင့်မရဘဲ ရန်ကုန်မှ ဆန်များကို မှာယူကာ ရောင်းချနေကြရသည်။

သို့သော် ရန်ကုန်မှ စစ်တွေသို့  ကုန်တင်သင်္ဘောများကို မုန်တိုင်းကို အကြောင်းပြ ပိတ်ထားခဲ့ရာမှ  ယခုရက်ပိုင်းတွင် စစ်ကောင်စီက ပြန်လည် ခွင့်ပြုသဖြင့် စစ်တွေသို့ ကုန်တင် သင်္ဘောတချို့ ဝင်ရောက်လာသည်ဟု သိရသည်။

ဆက်စပ် သတင်းများ