သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဇွန် ၁၈/၂၀၂၄
ရခိုင်ပြည်၊ စစ်တွေမြို့၊မင်းဂံရပ်ကွက်က ဖမ်းဆီးခံထားရသူများအထဲက တစ်ချို့ကို စစ်ကောင်စီမှ လူတစ်ဦး ငွေကျပ် (ရ )သိန်းယူ၍ ပြန်လွှတ်ပေးနေကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ခံတစ်ဦးက “ မနေ့ကပိုက်ဆံ (ရ)သိန်းပေးလို့ လွတ်လာတဲ့ သူတစ်ချို့ရှိတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ လွတ်လာကြပါတယ်။ လက်လုပ်လက်စားတွေကျတော့ ဘယ်တတ်နိုင်ပါလဲ” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
ဖမ်းဆီးခံရသူအရပ်သား ၁၅၀ ကျော်အထဲက တချို့ကို ခလ၇(၂၀) တပ်ရင်း၊ တချို့ကို ရဲတပ်ရင်း (၁၂)၊ ရဲတပ်ရင်း (၃၆)နှင့် စစ်ရုံးချုပ်တို့တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး အနည်းဆုံလူတစ်ဦး ငွေ ရ သိန်းယူပြီး ပြန်လွှတ်ပေးနေခြင်းဖြစ်ကြောင်းသိ၇သည်။
ငွေကြေးတတ်နိုင်သည့် မိသားစုဝင်တစ်ဦးက “ မတရားမှန်းသိတယ်။ဖမ်းဆီးအနှိပ်စက်ခံတဲ့အပြင် သတ်ပစ်မှာကို စိုးရိမ်ရတယ်။ ဒီနေ့လည်း မတရားဖမ်းခံရတဲ့သူတွေကို ပိုက်ဆံနဲ့ထုတ်ဖို့ သွားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်ဖို့ လွတ်မြောက်နိုင်ဖို့က အဓိက။ ဗျိုင်းဖြူရွာက လူတွေလို သတ်ပစ်မှာကိုကြောက်လို့ သူတို့တောင်းတဲ့အတိုင်း ပေး၇တာပါ” ဟု ပြောသည်။
စစ်တွေမြို့သည် စစ်ကောင်စီ အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေသည့်မြို့ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးထိန်လင်း ကိုယ်တိုင် လက်ရှိ အချိန်ထိညွှန်ကြားအုပ်ချုပ်နေသေးသည်ဟု သိ၇သည်။
စစ်တွေမြို့ မှ နိုင်ငံရေးသမားတစ်ဦးက “စစ်တွေမြို့မှာ ဘယ်သူ့ကိုမှ အားကိုးလို့မရတော့ဘူး။ အခုဖြစ်စဉ်ကိုကြည့်ရင် ပြည်သူတွေအနေနဲ့ ဘာအပြစ်မှ မရှိဘဲ အဖမ်းခံရတယ်။ ပြည်နယ်အစိုးရဦးထိန်လင်းတို့ လည်း ဘာမှ တာဝန် မယူနိုင်တော့ဘူး။ စစ်တွေမှာ ဘယ်သူဘဲဖြစ်ဖြစ် ရခိုင်ဆိုတာနဲ့ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တယ်။ အခုက ဒီစစ်တပ်လက်ထဲမှာကြက်ကလေး ငှက်ကလေးလို ဖြစ်နေကြ၇ပြီ” ဟု ပြောဆိုသည်။
စစ်တွေမြို့တွင် ဇွန်လ ၁၅ရက်နေ့ ည ၁နာရီခန့်က မင်းဂံအကွက်(၅) မှ မင်းဂံအကွက်(၁၀)ထိ အကွက် (၅) ခု စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များသည် စစ်ကား (၁၀) စီးဖြင့် ဝင်ရောက်ကာ တစ်စုံတစ်ရာအပြစ်မရှိဘဲ လူပေါင်း (၁၅၀) ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်ခံ၇သူများ အထဲတွင် အသက်(၁၃)နှစ်မှစ၍ အသက်(၆၀)ကျော်အထိအသက်အရွယ်လိုက် အမျိုးမျိုးပါဝင်ပြီး တစ်ဦးကို ပိုက်ဆံ ၇ သိန်းမှ ၉ သိန်းအထိတောင်းခံကာ စစ်ကောင်စီက ပြန်လွှတ်ပေးနေကြောင်း သိ၇သည်။