တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်ရန်ထွက်ပြေးသည့် ကျေးရွာသား ၁၁ ဦးကို ရေတပ်က ဖမ်းဆီးပြီး ၎င်းအထဲမှ ၂ ဦးကိုသတ်ဖြတ်ပစ်ကာ အမျိုးသမီး ၂ ဦးကို ဆက်လက်ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

( လွှတ်ပေးလိုက်သည့် အမျိုးသမီးများကို ကတုံးတုံးပြီးပြန်လွတ်ဟုဆို)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ဇွန် ၁၉/၂၀၂၄

ရခိုင်ပြည်၊စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ပါဒလိတ်၊ အောင်တိုင်ကျေးရွာများမှ နီးစပ်ရာဒေသကို စစ်ဘေးရှောင်ကြသည့် ကလေးတစ်ဦးအပါအဝင် (၁၁)ဦးကို စစ်ကောင်စီ နေဗီမှ ဖမ်းဆီးပြီး အမျိုးသား၂ ဦးကိုပစ်သတ်ကာ အမျိုးသမီး ၂ ဦးကို ဆက်လက် ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောဆိုသည်။ ပြန်လွှတ် ပေးလိုက်သည့် အမျိုးသမီးများကို ကတုံးတုံး၍ ပြန်လွှတ်လိုက်သည်ဟု သိရသည်။

သေဆုံးသူများမှာ အမြင့်ကျွန်း ကျေးရွာမှ ဦးသန်းထွန်းမောင် အသက် (၅၃)နှစ်နှင့်  ဦးအောင်သိန်းထွန်း အသက် (၃၉)နှစ်ဖြစ်သည်။ ဖမ်းဆီးခံထားရသူအမျိုးသမီး ၂ ဦးမှာ အမြင့်ကျွန်းကျေးရွာမှ မမိုးသူဇာ (၂၄)နှစ်နှင့် ဒေါ်စိုစိုးအေး အသက်(၄၉)နှစ် ဖြစ်သည်။

၎င်းတို့အားလုံးသည် ပြီးခဲ့သည့် ဇွန်လ ၁၁ရက်နေ့က မိမိတို့ကျေးရွာမှ ဘေးကင်းနိုင်သည့် ကျေးရွာသို့ စက်လှေဖြင့် သွားကြစဉ် အမြင့်ကျွန်းတံတားအောက်ရှိ မြစ်ထဲတွင်ရှိနေသည့် စစ်ကောင်စီ၏ နေဗီ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်ဟု စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာသားတစ်ဦး နိရဉ္စရာ သတင်းဌာနကို ပြောသည်

" ရွာသားတွေကို ရွာကနှင်ထုတ်ထားတာရှိတော့ ဘေးကင်းတဲ့ ဆွေမျိုးတွေရှိတဲ့ရွာတွေကို စစ်ရှောင် ကြတာပါ။ အဲ့ဒီအချိန်က အမြင့်ကျွန်းမှာရှိတဲ့ နေဗီက ဖမ်းတယ်။ အဖမ်းခံရတာက မိန်းကလေး တစ်ယောက်၊ ယောက်ျား ၆ ယောက်နဲ့  မိန်းမ ၄ ယောက်အဖမ်းခံရတာ" ဟုပြောသည်။

ယင်းဖမ်းဆီးခံရသူများကို အမျိုးသား ၆ ဦးကိုမြစ်ထဲသို့ ခုန်ချထွက်‌ ပြေးခိုင်းပြီး  စစ်ကောင်စီက သေနတ်ဖြင့် လှမ်းပစ်ရာ  အမျိုးသား (၂)ဦးမှာ မြစ်ထဲတွင် သေဆုံးခဲ့ရသည်ဟု အမြင့်ကျွန်းကျေးရွာမှ ဆွေမျိုးတော်စပ်သူတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" ဖမ်းထားတဲ့ယောက်ျားတွေကို မြစ်ထဲကို ခုန်ချခိုင်းတယ်။ပြီးတော့ ထွက်ပြေးခိုင်းတယ်။ သေနတ်နဲ့ လှမ်းပစ်တယ်။ အဲ့ဒီမှာ ၂ ယောက်ထိသွားလို့ မြစ်ထဲမှာ ပဲဆုံးသွားပါတယ်။ နောက်ထပ် ၄ ယောက် ထွက်ပြေးလွှတ်မြောက်လာပါတယ်" ဟုပြောသည်။

အသက် ၇ နှစ်အရွယ်မိန်းကလေးအပါအဝင် အမျိုးသမီး  ၅ ဦးထဲမှ ၃ ဦးကို ကတုံးတုံးပြီး ပြန်လွှတ်ပေးကာ နောက်ထပ် အမျိုးသမီး  ၂ ဦးကို ဆက်လက် ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

" အဖမ်းခံရတဲ့မိန်းကလေးဆိုရင် ကလေးတစ်ယောက်နဲ့ လူကြီး ၄ယောက်။ အဲ့ဒီအထဲက အပျိုအရွယ် တစ်ယောက်နဲ့ သက်လတ်ပိုင်းအရွယ်တစ်ယောက်ကိုအခုထိဖမ်းထားတုန်းပါ။ ကျန်တဲ့သူတွေကတော့ ကလေးကနေစပြီး ဆံပင်တွေကိုရိတ်ပြီး ပြန်လွှတ်လိုက်တယ်" ဟုပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးနှင့် အဆက်အသွယ်မရသေးသဖြင့် မိသားစုများမှာ အလွန်စိုးရိမ်နေကြောင်းပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးတို့စစ်‌ ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသား ၁၀၀နီးပါးကိုလည်း စစ်ကောင်စီ ခလရ (၂၀)သို့ ဖမ်းဆီးခေါ်ဆောင်သွားကာ အမျိုးသမီး (၃)ဦးကိုလည်း မုဒိန်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။ 

 

ဆက်စပ် သတင်းများ