Preview

စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့်နေဗီများမှ သံတွဲမြို့နယ်ပင်လယ်ကမ်းစပ်ကျေးရွာများသို့ ညအချိန် အထိပစ်ခတ်နေ

ဇွန် ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :4394
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၀ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ကျေးရွာများကို ဇွန်လ၁၉ ရက်နေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရေတပ် စစ်ရေယာဉ်များမှ ညအချိန် အထိ အဆက်မပြတ်ပစ်ခတ်နေခဲ့သောကြောင့်ဒေသအတွင်း ပြည်သူများအနေဖြင့် ထိတ်လန့်နေကြရကြောင်းသိ၇သည်။

“မိုးလင်းခါနီးအထိ  ပစ်နေတာ ကမ်းခြေဘက်တွေကိုပစ်တာ။ နေဗီက ကွင်းဝိုင်းဘက်ကတက်လာပြီး ဂေါ့ဆင်ကျပ်ဆင်ခေါင်းဖက်အထိ ပစ်နေတယ်။ မြို့သူမြို့သားတွေက ဘယ်ပစ်လို့ပစ်နေမှန်း မသိရလေ။ ဖုန်းလိုင်းလည်းမရမီးလည်းဖြတ်ထားတယ်။ အသံတွေက အိမ်တွေပါ တုန်တယ်။ ကျီးလန့်စာစားနေ၇တဲ့ဘ၀တွေပါ။ အပြင်လဲမထွက်ရဲကြ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နှင့် ငပလီကမ်းခြေမြို့ တဝိုက်နှင့်ဆင်ကျပ်ကမ်းခြေ၊ဆင်ခေါင်းကမ်းခြေ၊ဂေါ့ကမ်းခြေ အပါအဝင်ဂေါ့တောင်တန်းများ သို့စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းတို့မှ အဆက်မပြတ် တိုက်ခိုက်နေကြောင်းသိ၇သည်။

အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေသည့်တိုက်ပွဲများ ယခုရက်ပိုင်းအတွက် တိတ်ဆိပ်နေရာမှ စစ်ကောင်စီသည် အေအေရှိနေနိုင်သောနေရာများကို မှန်းရမ်းကာ ယခုကဲ့သို့ ပစ်ခတ်နေခြင်း ဖြစ်ကြောင်းသိ၇သည်။

“လေယာဉ်တွေက မြို့နဲ့ တော်တော်ကပ်ပြီး ပျံပျံသွားတော့လူတွေလည်း မအိပ်နိုင်ကြဘူး၊ ဆက်တိုက်ကြဲနေတာ။ ပြည်သူတွေထိတ်လန့်နေတယ် အိပ်မရတော့ဘူး။  မထင်ရင် မထင်သလိုလာကြဲနေတာ။ ကလေး တွေနဲ့သက်ကြီရွယ်အို နေမကောင်းသူတွေ တော်တော်လန့်နေကြတယ်။ ဘာတတ်နိုင်မှာလည်း ကျွန်တော်တို့မှာ ပြေးမယ့်နေရာလည်းမရှိလေငွေလည်းမရှိဘူး” ဟု ဟု ဒေသခံတစ်ဦးမှပြောသည်။

စစ်ကောင်စီမှလေကြောင်းဗုံးကြဲခြင်း၊ စစ်သင်္ဘောများမှပစ်ခတ်ခြင်းအပြင် သံတွဲမြို့ပေါ်တွင် အထိုင်ချထားသည့် ရှော့တိုက်ဒုံးများဖြင့်လည်းကမ်းခြေများနှင့်တောင်တန်းများအား ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

သံတွဲမြို့နယ်နှင့် မိုင် ၂၀ ဝန်းကျင်၊ ရွှေလှေတိုက်နယ်အတွင်း ဧပြီ၁၃က စတင်ကာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြားထိတွေ့တိုက်ပွဲများစတင်ခဲ့ပြီး၊ ဇွန် ၂ရက်က စတင်ကာ ငပလီကမ်းခြေမြို့ ၊ဂေါ့ရပ်ကွက်၊ စပါးကြီးရပ်ကွက်နှင့် မှိုဟင်းပြင်ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ပုံစာ-စစ်ကောင်စီ ဗုံးကြဲနေသော ဂေါ့တောင်တန်းအားတွေ့၇စဉ်

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.