Preview

အမ်းမြို့လေယာဉ်ကွင်းနှင့် နပခတိုင်းစစ်ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရ

ဇွန် ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :5054
ရခိုင် သတင်း

(AA က ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်နေဟုဆို)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန် ၂၀/ ၂၀၂၄

အာရက္ခတပ်တော်(AA)မှ စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်လေယာဥ်ကွင်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများရှိနေသည်ဟုစစ်ရေး အခြေအနေကို လေ့လာအကဲခတ်နေသူ အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“အမ်းကိုလည်း လက်နက်ကြီးနဲ့ အေအေက ပစ်ခတ်နေတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရယ်၊အားကစားကွင်းနဲ့ လေယာဥ်ကွင်းဘက်ကို အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိတယ်။ စစ်တပ်ကလည်း ပြန်ပစ်တယ်။ နှစ်ဖက်အပြန်အလှန်ပေါ့“ဟု ပြောသည်။

အာရက္ခတပ်တော်မှ စစ်ကောင်စီတပ်မှ သိမ်းဆည်း၇မိသော လက်နက်ကြီးအမြောက်များကိုအသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အေအေက ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပေါ့။ စစ်တပ်ကဆီက ရထားတဲ့ အမြောက်ကြီးတွေနဲ့ နပခ တိုင်းကိုရော၊စစ်စခန်းတွေရော၊ လေယာဉ်ကွင်းဘက်ကိုရော ချနေတာ။ နေ့ညမပြတ်ချနေတော့ စစ်တပ်က အလူးအလဲ ခံနေရတဲ့သဘောရှိတယ်”ဟု ပြောဆိုသည်။

လေယာဉ်ဖြင့် ပစ်ကူပေးနေ၍သာ အနောက်ပိုင်းတိုင်း ခံသာနေခြင်းဖြစ်ပြီးလေယာဉ်ပစ်ကူမှု မရှိလျှင် အမ်းအနောက်ပိုင်းတိုင်း ကျသွားသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

လက်ရှိ တောဟိန်းတောင်ဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီက လေကြောင်းကနေ အသည်းအသန် ကာကွယ်နေ၇သည်ဟု ပြောဆိုသည်။

“ နောက်တစ်ခုကအခု အမ်းတောဟိန်းတောင်ဖက်မှာဆိုရင်လည်း တိုက်ပွဲတွေပြင်းနေတယ်။တောဟိန်းတောင်ထိပ်အထိ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်နေတာရှိတယ်။ တိုက်ပွဲအပြင်းထန်ဆုံး အမ်းမြို့နယ်ထဲကလက်ရှိတပ်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။ အမ်းမှာ ဖုန်းလိုင်းတချို့လည်းဖြတ်တောက်ထားတော့ အဲဒီဘက်က သတင်းတွေ ၇ဖို့ မလွယ်ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

တောဟိန်းတောင်ကျသွားပါ မြို့ပေါ်ကိုအာရက္ခတပ်တော်မှ အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သဖြင့်  အမ်းမြို့ပေါ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး အကာအကွယ်များအခိုင်အမာ ပြုလုပ်ထားကြောင်း သိ၇သည်။

အမ်းမြို့နယ်၊ မဲလက်မောင်းအနီးက မဲတောင်တွင်လည်း  အင်အားတိုးထားပြီးကာကင်းစခန်းများလည်း တည်ဆောက်ထားကာ အမ်းမြို့ကိုအလွယ်တကူမဝင်ရောက်နိုင်ရန်စစ်ကောင်စီက ပြုလုပ်နေသည်ဟု ပြောသည်။

“မဲတောင်မှာဆိုရင်လည်း အင်အားတွေ မနည်းတိုးချထားတယ်။ ကာကင်းစခန်း ၅ ခုလုပ်ထားတယ်။ရခိုင်မှာ ကျန်သေးတဲ့မြို့တွေအထဲကဆိုရင် အမ်းက စစ်အင်အား အတိုးချဲ့ဆုံး မြို့တစ်မြို့လို့ပြောလို့ရတယ်။ပြီးမှ စစ်တွေ။ အမ်းက စစ်ကောင်စီအတွက် အရမ်းအရေးပါတဲ့မြို့ဖြစ်လို့နောက်ဆုံး အပြင်းထန်ဆုံး ခုခံ ကာကွယ်မယ့်မြို့ဖြစ်လာနိုင်တယ်။စစ်တွေနဲ့ အမ်းက အရမ်းအရေးကပါတဲ့ မြို့တွေဖြစ်တော့ အသည်းအသန် ခုခံဖို့ ကာကွယ်ထားပုံ၇ပါတယ်”ဟုပြောသည်။

လက်ရှိတွင်စစ်ကောင်စီသည် တောဟိန်းတောင်အနီးတဝိုက်၊ မဲတောင်တို့တွင် စစ်အင်အားတိုးချဲ့ထားပြီးကျောက်စကွဲရွာ အနီးတွင်လည်း လက်နက်ကြီးစခန်းများ တည်ဆောက်ခြင်းများဆက်တိုက်ပြုလုပ်ပြီးစစ်အင်အားကို တိုးချဲ့ဆောက်လုပ်လျက်ရှိနေကြောင်းဒေသခံများက ပြောသည်။

ယင်းအပြင်အမ်းမြို့ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီမှ မြေမြှုပ်မိုင်းများ အများအပြားထောင်ပြီးအကာအကွယ်ယူထားကြကြောင်းသိ၇သည်။

#လက်နက်ကြီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.