တနင်္ဂနွေ၊ ဇူလိုင်လ ၂၁ရက်၊ ၂၀၂၄

တောင်ကုတ်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို AAက ကြားဖြတ်တိုက်ခိုက်၍ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၆၀ ကျော်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 5.4k

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ ဇွန်လ ၂၁ /၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့သို့  ပဲခူးတိုင်း ပြည်မြို့ဘက်က စစ်ကူလာသည့် အင်အား (၁၆၀) ခန့်ပါသည့် စစ်ကြောင်း တစ်ကြောင်းကို  အာရက္ခတပ်တော်(AA)မှ ဖြတ်တောက် တိုက်ခိုက်၍ ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးသွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ် အရ သိရှိရသည်။

ပြည်ဘက်မှ ဆင်းလာသည့်  အင်အား ၁၆၀ ခန့်ပါ စစ်ကြောင်းအား အေအေက တောင်ကုတ် မြို့နယ်အတွင်း တောင်ကုတ်- ပန်းတောင်း ကားလမ်းမကြီး နေပူတောင်အနီးတွင်  ဇွန်လ ၂၀ ရက် နေ့လယ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

“ တိုက်ပွဲက ဇွန် ၂၀ ရက် နေ့လယ်ကနေ ဒီကနေ့ ဇွန်လ ၂၁ ရက် မနက်ပိုင်းအထိ အပြင်းအထန် ဖြစ်တယ်။ ပတ်လည်ရွာနဲ့ နေပူတောင်ကြားမှာဖြစ်တာ။ တပ်တော်က နေရာသေချာယူပြီး ဖြတ်တောက် တိုက်ခိုက်တာ။ ဒါကြောင့် စစ်တပ်ဘက်က အကျအဆုံးများတယ်”ဟု ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသည့် ဗိုလ်ကြီးမှာ တောင်ကုတ်မြို့၊  ဂူတာရပ်ကွက်ဇာတိဖြစ်သည်ဟု သိရသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

တိုက်ပွဲအတွင်း  အေအေဘက်ကလည်း ထိခိုက်ကျဆုံးမှု တချို့ရှိကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

“စစ်ကြောင်း ၁၆၀ လောက် ပြည်ဖက်က တောင်ကုတ်ကို စစ်ကူလာတာ။ စစ်သား  ၆၀ နီးပါး ကျသွားပါတယ်။ ဒါကြောင့်  အခုထိ လက်နက်ကြီးတွေ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ တပ်ကလည်းပစ်ကူတယ်။ ၅၄၄ ဖက်ကလည်း ပစ်ကူနေပါတယ်။ တပ်ဦးတောင်ထက်ကလည်း ပစ်ကူနေတယ်။ အပြင်းအထန်ပဲ။ လေယာဥ်လည်း ကူပေးနေတာ တွေ့တယ်။ အေအေ ဖက်ကလည်း ဒဏ်ရာရတာ၊ ထိခိုက်တာတွေ တချို့ ရှိပါတယ်”ဟု ပြောသည်။

မြေပြင် အထိုင်တပ်များမှ လက်နက်ကြီးများဖြင့်  ပစ်ကူပေးသည်သာမက လေကြောင်းမှလည်း ဗုံးကြဲကာ ပစ်ကူပေးခဲ့သဖြင့် နှစ်ဖက် တိုက်ပွဲမှာ ပြင်းထန်သည်ဟု သိရသည်။

တောင်ကုတ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများကို မောင်းထုတ်ကာ တောင်ကုတ် တက္ကသိုလ်အတွင်း စစ်ကောင်စီက လက်နက်ကြီးများအထိုင်ချကာ တပ်စွဲထားပြီး ယခုရက်ပိုင်းအတွင်း အေအေနှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် အေအေတို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရပြီး အရပ်သားများနေထိုင်သည့် မြို့ပေါ်နှင့် ကျေးရွာများကို လက်နက်ကြီး နှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်၊ ပန်းတင်တိုက်နယ် ပန်းတင်ခုံဘုရားကုန်းအနီးတစ်ဝိုက်နှင့် ကျေးရွာ အနီးအနား တစ်ဝိုက်ကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဇွန်လ ၁၈ ရက်နေ့က မကွေးဖက်မှ တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့၍  ရွာထဲသို့ ကျရောက် ပေါက်ကွဲကာ လက်နက်ကြီးကျည်စ ထိမှန်၍ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

(ပုံစာ -AAတပ်ဖွဲ့ဝင်များ)

ဆက်စပ် သတင်းများ