သောကြာ၊ ဇွန်လ ၂၈ရက်၊ ၂၀၂၄

သံတွဲမြို့ မြောက်ဘက် သုံးမိုင်ခန့်အကွာ ပန်းချင်းပေါက်ကျေးရွာအနီး အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၁ ရက်/၂၀၂၄

ရခိုင်ပြည်တောင်ဘက်ပိုင်း သံတွဲမြို့ပေါ်နှင့် သုံးမိုင်သာကွာဝေးသည့် ပန်းချင်းပေါက် (ပန်းခြင်းပေါက်) ကျေးရွာ အနီးတဝိုက်သို့ ဇွန်လ ၂၁ ရက်နေ့တွင် အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် အဆိုပါ ကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ဇွန်လ ၂၁ ရက်နေ့တွင် နံနက် အစောပိုင်းမှ စတင်ကာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ် မြေပြင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီမှ ကြည်း၊ရေ၊လေ အသုံးပြု၍ ခုခံကာကွယ်နေ၍ တိုက်ပွဲမှာ ပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။

“ဒီနေ့မနက်က တော်တော်နီးနီးကပ်ကပ် ကြားရပါတယ်။ လက်နက်ငယ်ပစ်သံတွေ၊ ကျွန်မတို့ရွာနဲ့ ပန်းချင်းပေါက်က သိပ်မဝေးလေ။ တစ်မိုင်ခွဲသာသာပဲရှိတယ်။ နံတော်တောင် နောက်ဖက်ကျောကို ပန်းချင်းပေါက်ဖက် တောလမ်းက လာလို့ရတယ်။ သံတွဲနဲ့ ရွှေကျောင်းပြင်က ဘေးချင်းကပ်လေ၊ အေအေမြို့ထဲကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ ဒီနေ့ တိုက်ပွဲက မြို့နဲ့အနီးဆုံးကိုရောက်လာတာပဲ” ဟု ရွှေကျောင်းပြင် ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

ပန်းချင်းပေါက်ကျေးရွာသည် သံတွဲမြို့နှင့် ၃ မိုင်သာကွာဝေးပြီး သံတွဲမြို့နှင့် အဆိုပါကျေးရွာကြားတွင် ရွှေကျောင်းပြင်ကျေးရွာတစ်ခုသာကျန်တော့ကြောင်း၊ ရွှေကျောင်းပြင်ကို ကျော်လာလျှင် သံတွဲမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခင်က သံတွဲမြို့မှ လက်နက်ကြီး ပစ်ခတ်သံများကို အများအားဖြင့် ကြားရပြီး ယနေ့တွင်  လက်နက်ငယ်ပစ်ခတ်သည့် အသံများကို သံတွဲမြို့ပေါ်မှ နီးနီးကပ်ကပ် ကြားလာရသည်ဟု  မြို့ခံများက ပြောသည်။

“အေအေက မြို့ပေါ်ကို ဝိုင်းထားပြီး ထိုးစစ်ဆင်လာသလို တွေးမိတယ်။ မြို့ပတ်ဝန်းကျင် အနီးအနားကကို ကြားလာရတယ်။ ဒီနေ့မြို့ထဲမှာ လူတောင်မရှိဘူး။ မထွက်ကြတာ၊ ပန်းချင်းပေါက် ဖက်မှာ တော်တော်ဖြစ်နေတာ။ စစ်ကောင်စီက လက်နက်ကြီးနဲ့ပါ ကူပစ် ပေးနေတာ။  နံတော် တောင်ပေါ်ကိုလည်း စစ်ကောင်စီတပ်သားတွေ ခြင်းတွေ လွယ်ပြီး တက်သွားတာတွေ့တယ်” ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။

သံတွဲမြို့နယ်တွင် ဧပြီလ ၁၃ ရက်မှစတင်ကာ မြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် ရွှေလှေတိုက်နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား စတင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယခုအခါ လက်နက်ကြီးအပြင် လက်နက်ငယ်ပစ်ခတ်သည့် တိုက်ပွဲသံများသည် သံတွဲမြို့အနီး ၂ မိုင်၃ မိုင်သာ ဝေးသည့်နေရာများမှ ကြားလာရသောကြောင့် အာရက္ခတပ်တော်မှ မြို့သိမ်းရန် နီး ကပ်လာနေပြီဟု ထင်မြင် သုံးသပ်မိကြောင်း ဒေသခံများက သုံးသပ် ပြောဆိုကြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်သံ၊ ရေတပ်မှ ပစ်သံ၊ လေယာဉ် ဗုံးကြဲသံများကို နေ့စဉ်လိုလို ကြားနေရသော်လည်း လက်နက်ငယ်ပစ်ခတ်သံများကို ဇွန်လ ၂၁ ရက် နေ့မှစတင်ကာပြန်လည် ပိုမိုကြားလာရခြင်း ဖြစ်သည်ကြောင်းဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်များသည် သံတွဲလေဆိပ်၌ အထိုင်ချတပ်စွဲထားပြီး ခမရ ၅၆၆၊ ခလရ ၅၅ တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ