သောကြာ၊ ဇွန်လ ၂၈ရက်၊ ၂၀၂၄

သံတွဲ- ကင်းမော်ကားလမ်းမှ စစ်ကောင်စီတပ်သားများ ဖရိုဖရဲ တပ်ဆုတ်ကာ မြို့ပေါ်တွင် ခံစစ်ပြင်ဆင်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၂ ရက်/၂၀၂၄

သံတွဲမြို့ နယ် သံတွဲ- ကင်းမော်ကားလမ်းမှ စစ်ကောင်စီတပ်များသည် ဇွန်လ ၂၁ ရက်နေ့ ညပိုင်းတွင် အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ထွက်ပြေးခဲ့ရကာ မြို့ပေါ်တွင် ခံစစ်ပြင်ဆင်နေပြီး မြို့ပတ်လည်တွင်လည်း မြေမြှုပ်မိုင်းများ ထောင်နေကြောင်း ဒေသခံများ ထံမှသိရသည်။

“ နတ်ပြင်ရွာမှာ ပြိုင်းတောင်ဆိုတာ ရှိတယ်။ အဲ့ဒီ ကနေ အေအေက ဆင်းလာတာ။ အဲ့ဒါကို မူးရူးနေတဲ့ စစ်ကောင်စီတပ် သားတွေ မှားပြီးလက်ယပ်ခေါ်တာ။  နောက်မှသဘောပေါက်ပြီးပြေးကြတာ ဖရိုဖရဲပဲ။ စစ်သားတစ်ယောက်ဆို အဖွဲ့ကွဲပြီး ဒုက္ခရောက်နေတာတွေ့ရတယ်။ အေအေက ပေါ်တင် သေနတ်တွေနဲ့ တက်လာတာ။ စစ်တပ်က မြေပြင်မှာ ရင်မဆိုင်ရဲဘူး။ ပြေးတာပဲလေ။ လက်နက်ကြီး တွေနဲ့ လေယာဉ်တွေ ကူနေလို့ မဟုတ်ရင် အေအေက မြို့သိမ်းတာကြာပြီ” ဟု လက်တွေ့မြင်ခဲ့ရသူ မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အေအေ ဝင်လာနိုင်သည့် သံတွဲ- ကင်းမော်ကားလမ်းတစ်လျှောက်ရှိ ခြံပြင်ကျေးရွာ၊ နတ်ပြင်ကျေးရွာ၊ ဇာဒီပြင်ကျေးရွာ၊လက်ပံစုကျေးရွာတို့တွင်မြေမြှုပ်မိုင်းများ ထောင် ထားပြီး သံတွဲ-ကင်းမော်ကားလမ်းကို မြေကြီးတူးကာ ကားလမ်းကိုဖျက်ဆီးထားသည်ဟု ၎င်းက ပြောကြားသည်။

ထို့အပြင်ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် သံတွဲ- ကင်းမော်ကားလမ်းတစ်လျှောက်ရှိကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်းများလုပ်ဆောင်နေကြာင်းဒေသခံများက ပြောသည်။

“အခု မနက်ပိုင်းလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။ သံတွဲ- ကင်းမော်ကားလမ်း တစ်လျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေ မြို့ဖက်တက်လာလို့  ရောက်သွားတာတွေရှိတယ်။  တချို့က ရွာတွေမှာ ပိတ်မိနေတာတွေ ရှိတယ်။ မြို့ပတ်ပတ်လယ်မှာ ဗုံးထောင်ထားတဲ့ သတင်းတွေ ကြောင့် လူတွေ အပြင် မထွက်ရဲ မသွားရဲမလာရဲဖြစ်နေတာတွေရှိတယ်” ဟု ဒေသခံတစ်ဦး မှပြောသည်။

စစ်ကောင်စီမှ သံတွဲမြို့နယ် အနှံ့တွင် မြေမြှုပ်မိုင်းများထောင်နေပြီးယခင်ကလည်း စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် အလယ်ရွာသား တစ်ဦး၊ ကွင်းဝိုင်းရွာသား တစ်ဦး၊ ဆိပ်ကြီးရွာသား တစ်ဦး၊ နှင့် ဝါးတောင်ကွင်း ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၁ ရက်နေ့ ညနေက သံတွဲမြို့၊ ကင်းမော်ကျေးရွာတွင် တပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီ တပ်များသည် ဆုတ်ခွါလာပြီးနောက် နံတော်ဘုရားတောင်ထက်တွင် ခံစစ်ပြင်ဆင်နေ ကြောင်းလည်း သိရသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!