တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

မောင်တောလေးမိုင်ရှိ နခခ(၂) AA လက်ထဲကျသွားပြီဟု သတင်းထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(လေးမိုင်အနီး လေယာဉ်များဖြင့်ဗုံးကြဲ၊  WFP ဆန်ဂိုဒေါင် မီးရှို့ဖျက်ဆီးခံရ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန်၂၃ ရက်/၂၀၂၄

ရခိုင်ပြည် မောင်တောမြို့နှင့်လေးမိုင်အကွာတွင် တည်ရှိသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်  ရဲတပ်ဖွဲ့ခွဲ နခခ(၂) မှာ ဇွန်လ ၂၃ ရက် နံနက်တွင်  အာရက္ခတပ်တော် (AA) လက်ထဲကျ သွားပြီဟု သတင်းများ ထွက်ပေါ်လျှက်ရှိ‌ နေကြောင်း မောင်တော ဒေသခံများထံမှ သိရသည်။

"ဒီနေ့ ဇွန်လ ၂၃ ရက်နေ့ မနက်မှာ လေးမိုင်က နခခ (၂)တပ်ရင်း အေအေလက်ထဲ ကျရောက်သွားပြီလို့ သတင်းတွေ ထွက်နေတယ်။ အခု ‌နေ့လယ် ၁၂ နာရီ ၁၀ မိနစ် မှာ လေးမိုင်ဘက်ကို ဂျက်တိုက်လေယာဉ် ၂ စီးပျံသွားပြီး ဗုံးကြဲချနေတယ်။  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာနောက်ထပ်ဂျက်တိုက် လေယာဉ် ၂ စီး လာပြီး ဗုံးကြဲချ‌နေတယ်" ဟု ပြောဆိုသည်။

မောင်တော ၄ မိုင်အခြေစိုက် စစ်ကောင်စီရဲ့ နခခ(၂) တပ်ရင်းအား အာရက္ခတပ်တော်မှ ဇွန်လ ၂၁ ရက် နေ့၌ ဗဟိုကင်းအပေါက်ပွင့် အောင်အထိထိုးစစ်ဆင်တိုက် ခိုက်ထားပြီး ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည်  ၃ မိုင်ရှိ UNHCR ရုံးတောင်ကုန်းသို့ နောက်ဆုတ် သွားခဲ့ကြောင်း၊ လက်ရှိ နခခ (၂) တစ်ခုလုံး အေအေထံရောက်ရှိသွားပြီဟု သိရကြောင်း ၎င်းက ပြောကြားသည်။


ထို့သို့စစ်ကောင်စီတပ်များ ၃ မိုင်ရှိ UNHCRရုံးသို့ တပ်နောက်ဆုတ်ကြစဉ် ၃ မိုင်ရပ်ကွက် ဝေသာလီ ကျေးရွာ အနီးရှိ WFP (Word Food Program)၏ စားနပ်ရိက္ခာ ဂိုဒေါင်အား ဖောက်ထွင်းကာ လက်ကျန် ဆန်များအားနီးစပ်ရာ မွတ်ဆလင်ဆန်ကုန်သည်များထံရောင်းချခဲ့ကြပြီး ဂိုဒေါင်အား မီးရှို့ ဖျက်ဆီးခဲ့ ကြကြောင်း မျက်မြင်ဒေသခံများကပြောဆိုသည်။

"WFP ရိက္ခာ ဂိုဒေါင်က ၃ မိုင်သာစည်ရွာမှာရှိတာမဟုတ်ပါဘူး။ ဝေသာလီကျေးရွာ အနီးမှာရှိတာပါ။ ဝေသာလီရွာကို စစ်တပ်ကမီးရှို့တဲ့နေ့က ဂိုဒေါင်က ဆန်နဲ့ ရိက္ခာအများစုကို စစ်တပ်က ယူသွားခဲ့ပြီး ပါပြီ။ အခုကျန်နေတဲ့ဆန်တွေကို နခခ(၂)ကတပ်ဆုတ်ပြေးလာတဲ့ နယ်ခြားစောင့်တွေ ရောင်းစား ပြီမီးရှို့လိုက်တာ။" ဟု ပြောဆိုသည်။

လက်ရှိတွင် ၄ မိုင်အနီးတဝိုက်အား စစ်ကောင်စီလေကြောင်းမှဆက်တိုက်ဗုံးကြဲချလျှက်ရှိ‌‌နေသလို နခခ(၅)မှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။

နခခ (၂) ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်သည့် သတင်းကို တပ်တော်ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

၃ မိုင်ရှိဝေသာလီ‌ ကျေးရွာမှာ ပြီးခဲ့သည့် မေလ ၇ ရက် နံနက်အစောကြီး ညဉ့် ၁ နာရီကျော်၌ စစ်ကောင်စီတပ်နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်းများက ဝင်ရောက်မီးရှို့ခဲ့ကြသဖြင့်  လူနေအိမ် ၁၆ လုံး ပျက်စီးခံခဲ့ရပြီး ဒေသခံအမျိုးသမီးတဦးလည်း ကျည်ထိမှန် သေဆုံးသွားခဲ့ရသည်။

ပုံစာ- စစ်ကောင်စီတပ်မီးရှို့ခဲ့ သော WFP စားနပ်ရိက္ခာဂိုဒေါင်အားတွေ့ရစဉ်


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!