စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

စစ်ရေးအခြေအနေ မဟန်၍ မြို့ကို စွန့်ခွာထွက်ပြေးသည့် တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိတို့ကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၂၃ / ၂၀၂၄

မြို့ပေါ်ထိ တိုက်ပွဲဖြစ်ပွားလာပြီး စစ်ရေးအခြေအနေမဟန်တော့၍ မြို့ကို စွန့်ခွာထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာအဖွဲ့ အရာရှိတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် စည်ပင်သာယာအဖွဲ့ အရာရှိဦးမောင်စိန်တို့ နှစ်ဦးဖြစ်ကြသည်။

၎င်းတို့အား တာဝန်ထမ်းဆောင်နေသည့် တောင်ကုတ်မြို့မှ ရန်ကုန်ဘက်သို့ ထွက်ပြေးစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။

" မြို့နယ်အုပ်ချုပ်ရေးမှူး ဇာနည်တိုးနဲ့ စည်ပင်က ဦးမောင်စိန်တို့ ဖမ်းခံရတာဟုတ်ပါတယ်။ သူတို့က တောင်ကုတ်ရိုးလမ်းအတိုင်း ရန်ကုန်ဘက်ကိုပြေးကြတာ။ တောင်ကုတ်မြို့အထွက် ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်မှာ တယောက်ဖမ်းခံရတယ်လို့ ကြားတယ်။နောက်တယောက်က ညောင်ကျိုးဘက် ရောက်မှ ဖမ်းခံရတယ်လို့လည်းသတင်းထွက်နေတယ်။ အဖမ်းခံရတဲ့ နေ့ရက်ကတော့ အတိ အကျကိုတော့ မသိနိုင်ဘူး။ ဖမ်းခံရတာ ရက်ပိုင်းလောက်တော့ရှိနေပြီ။ "

၄င်းတို့နှစ်ဦးသည်  ရခိုင်ရိုးမ ပန်းတောင်း-တောင်ကုတ်လမ်းအတိုင်း ရန်ကုန်ဘက်သို့ ထွက်ပြေးစဥ် ဇွန်လ ၁၈ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တစ်ခြား သတင်းရင်းမြစ် တစ်ခုကလည်း နိရဉ္စရာသို့ အတည်ပြု ပြောဆိုသည်။

“ လက်ရှိ သူတို့နှစ်ဦးကို တောင်ကုတ် စကခ(၅)ထဲတွင် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ မိသားစုတွေ သူတို့နဲ့ အတူ ဖမ်းဆီးခံရသလားဆိုတာတော့ သေချာမသိသေးဘူး။  ဆက်လက်စုံစမ်းပေးပါမယ်”ဟု ၎င်းက ပြောကြားသည်။

တောင်ကုတ်မြို့ပေါ်ထိ အာရက္ခတပ်တော်က ထိုးစစ်တိုက်ခိုက်လာသဖြင့် ထိတ်လန့်စိုးရိမ်ပြီး ထွက်ပြေးကြခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

တောင်ကုတ်မြို့ပေါ်အထိ တိုက်ပွဲများ ဖြစ်လာသဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း တောင်ကုတ်တွင် ဆက်မနေရဲတော့ဘဲ ထွက်ပြေးနေကြသည်ဟု တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးက သုံးသပ်ပြောသည်။

" အခုက မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်လာတာရှိတယ်။ ဆိုတော့စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေလည်း ဘယ်နေရဲတော့မလဲ။ အထူးသဖြင့် ထွေအုပ်ဌာနတို့ဆိုရင် စစ်တပ်ခိုင်းစေသမျှ ပြည်သူလူထုအပေါ် မတရားဖိနှိပ်နေခဲ့တာလေ။ မြို့သိမ်းခံရရင် သူတို့လည်း အဖမ်းခံရမှာဆိုတော့ ကြောက်ပြီး ထွက်ပြေး ကြတာပေါ့" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တောင်ကုတ်မြို့မရဲစခန်းမှူး စန်းညွန့် အပါအဝင် ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာ အကြီးအကဲအများစုလည်း တောင်ကုတ်ကနေ  ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု သိရှိရသည်။

ဆက်စပ် သတင်းများ