စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို AA သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 10.4k

(ပထမဆုံး လေယာဉ်ကွင်းတစ်ခုကို AAက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းပစ်ကူမရလျှင် ခလရ ၅၅ နှင့် ခမရ ၅၆၆ တို့ လက်နက်ချသွားနိုင်သည့် အခြေအနေရှိနေ )

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၃ ရက်/၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ  မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂၃ရက် နံနက်ပိုင်းတွင် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်နှင့် ဒေသခံများမှ တဆင့် သိရှိရသည်။

ငပလီဒေသခံတစ်ဦးက “ အေအေက သံတွဲကင်းမော်လမ်းဖက် အယောင်ပြထားပြီး ပန်းချင်းပေါက် မှိုဟင်းပြင်ဘက်ကနေ ဝင်လာပြီး လေယာဉ်ကွင်းကို ထိုးစစ်ဆင်သိမ်းပိုက်လိုက်တာပေါ့။ အေအေ ဗျူဟာက အရမ်းကောင်းတော့ အခု ခမရ ၅၆၆ တပ်ရင်းလည်းမကြာခင်ကျမယ်။ ငပလီမှာစစ်သား မိသားစုတွေ လှုပ်နေပြီ။ ပြေးဖို့ပြင်နေကြပြီ” ဟု ပြောသည်။

လေယာဉ်ကွင်းတပ်စွဲထားသည့် စစ်သားများမှာ အေအေထိုးစစ်ကို မခံနိုင်ဘဲ  အသီးသီး ထွက်ပြေးကြရာမှ အေအေက ဝင်ရောက်သိမ်းပိုက်လိုက်သည်ဟု ဆိုသည်။



“ လေဆိပ်ကျသွားပြီ။ အဲဒီမှာက ခလရ ၅၅ နဲ့ ၅၆၆ ကပေါင်းပြီး တပ်စွဲထားတာ။ စစ်သားတွေ  သေတဲ့သူတွေရှိတယ်။ အများစုကထွက်ပြေးသွားကြတယ်။ အခုထွက်ပြေးတဲ့စစ်သားတွေရော၊ တခြားစစ်သားတွေပါ  ခလရ ၅၅ ထဲမှာ စစ်သားတွေ စုထားတယ်။ လက်ရှိ အေအေက ၅၆၆ ကိုထိုးစစ်ဆင်နေတယ်၊ လေယာဉ်ပစ်ကူပေး တာတော့မတွေ့သေးဘူး” ဟုဒေသခံတစ်ဦးမှ ပြောသည်။

လေဆိပ်နှင့် တစ်မိုင် အကွာရှိ ခလရ ၅၆၆ ကို အေအေမှထိုး စစ်ဆင်တိုက်ခိုက်နေပြီး ခလရ (၅၅) ကိုလည်း များမကြာမီ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ပုံရသည်ဟု  ဒေသခံများက ပြောသည်။

အေအေထိုးစစ်ဆင်လာကတည်းက စစ်သားအများစုထွက်ပြေးသွားကြပြီး ခလရ ၅၆၆ အနီးရှိ ဇီးဖြူကုန်းရွာတွင် တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။

သံတွဲလေဆိပ်တွင် ခလရ ၅၅ နှင့် ၅၆၆ တပ်တို့ မှပူးပေါင်းထုတ်နှုတ်အင်အားအပါအဝင် ဧရာဝတီတိုင်းမှ စစ်အင်အားများပါ ပူးပေါင်းတပ်စွဲထားသော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်ကိုမခံနိုင်ဘဲ ယခုကဲ့သို့ စစ်ကောင်စီက လေဆိပ်ကိုစွန့်လွတ်လိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ဗျူဟာကျသည့် သံတွဲလေဆိပ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းသည် အေအေ၏ တိုက်ရည် ခိုက်ရည် ထက်မြက်မှုကို ပေါ်လွင်စေခဲ့ပြီး လေကြောင်း ပစ်ကူဆက်လက်မပေးနိုင်ပါက ခလရ ၅၅နှင့် ခမရ ၅၆၆တို့သည် လက်နက်ချရမည့် အခြေအနေတွင်ရှိ ကြောင်း သံတွဲမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

ငပလီ-မဇင်လေဆိပ်အား အေအေမှ ထိုးစစ်ဆင်ခံနေရချိန်တွင် စစ်ကောင်စီသည် သံတွဲမြို့အနီးရှိ ရွှေကျောင်းပြင်ကျေးရွာကို နေ့ရောညပါ လေကြောင်းက ဗုံးကြဲခဲ့ရာ အရပ်သား နှစ်ဦး သေဆုံးခဲ့ကာ နေအိမ်များပျက်စီးပြီးနွားများပါ သေဆုံးခဲ့ရသည်။

ဆက်စပ် သတင်းများ