သောကြာ၊ ဇွန်လ ၂၈ရက်၊ ၂၀၂၄

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

( စစ် သုံးပန့်နှင့် လက်နက်ခဲယမ်းများအများအပြားသိမ်းဆည်းရမိဟုဆို)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၃/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ် ရှိအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ ဖြစ်သည့်  ကဇုကိုင်းအနီး တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု သတင်း ရရှိသည်။

အဆိုပါ သိမ်းပိုက်လိုက်သည့် သတင်းကို ဘီဘီစီ (မြန်မာပိုင်း)နှင့် ခေတ်သစ်မီဒီယာများတွင်လည်း များမကြာမီ နာရီပိုင်းအတွင်းက သတင်းဖော်ပြခဲ့သည်။

အမ်းမြို့နယ်၊တောဟိန်းတောင်ဗျူဟာကုန်းတစ်ခုလုံးကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်အစောကြီး  ညဉ့် ၂နာရီ ခွဲခန့်တွင်  အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ အလောင်း ၂၀၀ခန့်  ရရှိသည်ဟု အာရက္ခတပ်တော်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" ဒီဗျူဟာက နပခရဲ့ ဗိုလ်မှူးချုပ်အဆင့်အုပ်ချုပ်နေတဲ့၊ ထိုင်တဲ့ ဗျူဟာကုန်းပါ။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ ဗျူဟာကုန်းလည်း ဖြစ်တယ်။  ညဉ့်  ၂နာရီဆိုတော့ ဒီနေ့ မနက်အစောကြီးကတည်းက သိမ်းလိုက်ပါပြီ။  စစ်ကောင်စီ အလောင်း ၂၀၀လောက်ရတယ်" ဟုပြောသည်။

ယင်းအပြင် စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများလည်း အများအပြားသိမ်းဆည်းရရှိထားပြီး ဒဏ်ရာရရှိသူများကိုလည်း အာရက္ခတပ်တော်မှ လူသားချင်းစာနာမှုထားပြီး စောင့်ရှောက်ဆေးကုသ ပေးထားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

" စစ်သုံးပန်းတွေ လက်နက်တွေအများကြီး ရထားတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း အာရက္ခတပ်တော်က ဆေးကုသမှုပေးထားတယ်" ဟုပြောသည်။

ယနေ့နံနက် ၈ နာရီခန့်ကလည်း  တောဟိန်းတောင် ဗျူဟာကုန်းအနီးတစ်ဝိုက်ကိုဂျက်ဖိုက်တာ၊ Y-12၊ Y _8 တို့ဖြင့်  အကြိမ်‌အရေ အတွက်  (၃၀)နီးပါးလာရောက်ဗုံးကြဲခဲ့ကြောင်းဒေသခံများကပြောသည်။

တောဟိန်းတောင်ဗျူဟာကုန်းမှ ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။

တောဟိန်းတောင်ကျသွားပြီးနောက် အမ်းမြို့ပေါ်ကို အာရက္ခတပ်တော်မှ အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သဖြင့်  အမ်းမြို့ပေါ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး အကာအကွယ်များ အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။

အမ်းမြို့နယ် ၊ မဲလက်မောင်းအနီးက မဲတောင်တွင်လည်း  အင်အားတိုးထားပြီး ကာကင်းစခန်းများလည်း တည်ဆောက်ထားကာ အမ်းမြို့ကိုအလွယ်တကူမဝင်ရောက်နိုင်ရန် စစ်ကောင်စီက ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။ 

ဆက်စပ် သတင်းများ