- Web Master
- ၂၆ အောက်တိုဘာ ၂၀၂၄
သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန် ၂၄/ ၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ၊ မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) မှ ထိန်းချုပ် လိုက်ပြီးနောက် လက်ကျန် တပ်ရင်း (၂) ရင်းဖြစ်သည့် ခမရ(၅၆၆)နှင့် ခလရ(၅၅)ကို အလံဖြူထောင်မလား၊ ဆက်တိုက်မလားဟု မေးမြန်းထားကြောင်း ဒေသခံများက ပြောကြားသည်။
ဒေသခံ တစ်ဦးက “ အေအေက လော်စပီကာနဲ့ အော်ပြောတယ်လို့ သိရတယ်။ အလံဖြူထောင်မလား၊ ဆက်တိုက်ရမလားဆိုပြီး။ အခုထိတော့ ဘာထူးခြားမှုတော့ မကြားရသေးဘူး။ သူတို့တပ်ထဲမှာ ညှိနိုင်းနေတုန်းဘဲလို့ အဲသလိုတော့ ကြားရပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် တပ်ရင်း (၅၆၆) နှင့် (၅၅) အနီးအနားထိ အေအေက ရောက်ရှိနေပြီး ၎င်းတပ်ရင်း ၂ ရင်းကို လက်နက်ချရန် တိုက်တွန်းထားသည်ဟုလည်း ဆိုသည်။
“ လေဆိပ် အဆောက်အဦးတွေကိုတော့ အာရက္ခတပ်တော်က သိမ်းပိုက်ထားတယ်လို့ ပြောလို့ရတယ်။ အလုံးစုံ ထိန်းချုပ်သိမ်းပိုက်ထားပြီလားဆိုတာတော့ တစ်ဖက်က လေကြောင်းရန်ရှိနေတယ်လေ။ သိမ်းပြီးရင် ဘယ်သူက လေယာဉ်ကွင်းထဲမှာနေမှာလဲ။ နောက်တစ်ခုက အဲ့ဒီလေဆိပ်မှာရှိတဲ့ စစ်သား၊ ရဲဝန်ထမ်းတွေနဲ့ မိသားစုတွေစုစုပေါင်း ၁၅၀ လောက် နေနေတာကို ဖမ်းထားပြီးတော့ ဘေးကင်းနိုင်တဲ့ နေရာတွေမှာ စောင့်ရှောက်ထားတယ်” ဟုပြောသည်။
၎င်းမိသားစု ၁၅၀ ခန့်မှာ လေဆိပ်အဆောက်အဦတွင် ခိုလှုံနေကြသူများဖြစ်ကြောင်း ပြောကြားသော်လည်း အဆိုပါ ဖမ်ဆီးထားမှု အပေါ် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။
အာရက္ခတပ်တော်သည် သံတွဲမြို့ အနီးဝန်းကျင် နေရာအတော်များများအား ထိန်းချုပ်ထားပြီး စစ်ကောင်စီရေတပ်က အမြောက်ကြီးများဖြင့် ပစ်ခတ်သလို မြေပြင်ကလည်း လက်နက်ကြီဒ ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။
အာရက္ခတပ်တော် ( AA)၏ ထိုးစစ် သံတွဲမြို့ပေါ်ထိ ရောက်ရှိလာသဖြင့် သံတွဲမြို့ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည် မြို့ကို စွန့်ခွာပြီး ဂွမြို့သို့ ဆုတ်ခွာသွားခဲ့ကြသလို မြို့လူထုလည်း မြို့ကိုစွန့်ခွာကာ ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။