စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ရေတပ်နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည် မောင်တောမြို့မရဲစခန်းထဲတွင်ကျ၍ တပ်ကြပ် ၁ ဦးသေဆုံးပြီး ရဲအုပ် ၁ဦးနှင့်ဒုတပ်ကြပ် ၁ဦးတို့ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၄ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့မရဲစခန်းတွင်  ဇွန်လ ၂၃ ရက်ည ၈ နာရီ ၁၅ မိနစ်က စစ်ကောက်စီ နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျ၍ ရဲတပ်ကြပ် ၁ ဦးသေဆုံးပြီး  ရဲအုပ် ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးဒဏ်ရာရသွားခဲ့ရကြောင်း ရဲမိသားစုဝင်များထံမှသိရသည်။

"မနေ့က ည ၈ နာရီ ၁၅ လောက်မှာ ဂျိမ်းခနဲ့အသံကြားပြီးတာနဲ့ နားက ဘာအသံမှ မကြားရဘဲ ထုံကျင် သွားတယ်။ ခဏနေတောမှ စခန်းထဲမှာ အမြောက်ကျည် ကျပေါက်ကွဲတယ်လို့ အော်သံတွေ ကြားရတယ်။ ထွက်ကြည့်လိုက်တောသေတဲ့သူသေ၊ ဒဏ်ရာရသူကရနဲ့အဆောင်‌တွေ ပြိုပျက်နေတာ တွေ့ရတယ်"ဟု ရဲမိသားစုဝင်တစ်ဦးကပြော သည်။

သေဆုံးသူမှာ မှုခင်း အထူးတပ်ဖွဲ့ မှ တပ်ကြပ် ညီညီအောင်ဖြစ်ပြီး ဒဏ်ရာရသူများမှာ ရဲအုပ်အေးသန့် (ခြေထောက်ထိမှန်ဒဏ်ရာရ)၊  ရဲအက်စ်ပီမှ ဒုတပ်ကြပ်မင်းမင်ဇော်(ဝမ်းဗိုက်)ထိမှန် ဒဏ်ရာ ရရှိသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

လက်နက်ကြီးကို နတ်မြစ်အတွင်း ရပ်တန့်ထားသည့် စစ်ကောင်စီနေဗီမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်ခတ်ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

နတ်မြစ်အတွင်းရပ်တန့်ထားသည့် စစ်ကောင်စီ ရေတပ်နေဗီမှ မောင်တော မြို့မရဲစခန်းအပြင် မောင်တောမြို့ စရဖ ရုံးရှေ့ လမ်းတစ်ဖက်ရှိ ဆိုင်ခန်းများနှင့် မြို့မကညင်တန်းရပ်ကွက်ကို အမြောက် ၃ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဆိုင်ခန့်အချို့နှင့် နေအိမ်အချို့လည်း ပျက်စီးခဲ့ကြရသည်။

“  ရဲစခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်တာလို့ သုံးသပ်လို့ရတယ်။ လက်နက်ကြီးကျည်က  မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံနောက်၌ ကျရောက်ပေါက်ကွဲပါတယ်” ဟု ပြောကြားသည်။

မောင်တောခရိုင်ရဲနှင့် မြို့မရဲစခန်း ၌ ယခင်က ရဲအင်အား ၂၀၀ ကျော်ရှိခဲ့သော်လည်း ထွက်ပြေးသွားကြသဖြင့် လက်ရှိတွင် ရဲအင်အားမှာ ၆၀ ကျော်ခန့်သာကျန်ရှိတော့သည်ဟု ဆိုသည်။

" ခရိုင်နဲ့ မြို့နယ်မှာ ယခင်က ရဲအင်အား ၂၀၀ ကျော်ရှိတယ်။ အခု ၆၀ ကျော်ဘဲကျန်တော့တယ်။ ၂၀၂၄ နှစ်စပိုင်းက စပြီး လက်နက်နဲ့ ထွက်ပြေးသွားကြတာရှိသလို လက်နက်မပါဘဲ ထွက်ပြေး သွားကြတာလည်း ရှိ‌နေခဲ့တယ် "ဟု ပြောသည်။

ဆက်စပ် သတင်းများ