သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ရသေ့တောင်တွင် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 702

သဥ္ဇာနွယ်/ နိရဥ္စရာ၊ဇွန် ၂၄/ ၂၀၂၄

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် မြေမြှုပ် မိုင်နင်းမိ၍ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိ၍ ခြေထောက်ပြတ်သူမှာ မညှင်း‌တောင်ကျေးရွာမှ ဦးအောင်ဘသိန်း၏ သမီးဖြစ်သူ မခင်ဆန်းနွယ် အသက်(၂၈)နှစ်ဖြစ်သည်။

မခင်ဆန်းနွယ်သည် ယမန်နေ့ ဇွန် ၂၃ ရက်နေ့ ညနေ နာရီခန့်က မိမိနေအိမ်ရှိ ခြံတွင် သီးနှံပင်များ စိုက်ပျိုးရန် မြေကိုတူးဆွနေစဥ် စိုက်ခင်းတွင်ထောင်ထားသည့် မိုင်းကိုနင်းမိ၍ ညာဖက် ခြေထောက် ပြတ်ထွက်သွားကာ ဘယ်ဖက်ခြေထောက်တွင်လည်း ဒဏ်ရာရရှိသွားသည်ဟု ရသေ့တောင် ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

အိမ်ကခြံမှာ အပင်တွေစိုက်ဖို့ မြေကြီးတူးနေစဉ်  စိုက်ခင်းမှာထောင်ထားတဲ့ မိုင်းကို နင်းမိသွားတာပါ။ ညာဖက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်။ဘယ်ဖက်ခြေထောက်လည်း မိုင်းစထိလို့ ဒဏ်ရာ အနည်းငယ်ရသွားပါတယ် ဟုပြောသည်။

ရသေ့တောင်မြို့နယ် အပါအဝင်  အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့် မြို့နယ်တိုင်းတွင်  စစ်ကောင်စီက မိုင်းများထောင်ထားခဲ့သဖြင့် ပြည်သူ လူထုအတွက် များစွာ အန္တရာယ်ရှိနေကြောင်း မိုင်းအသိပညာပေးသသည့် အမျိုးသားတစ်ဦးက နိရဥ္စရာ ကိုပြောသည်။


စစ်ကောင်စီက ရခိုင်တပြည်လုံးက စစ်ဖြစ်တဲ့မြို့နယ်တွေ အကုန်လုံးမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ကြတယ်။ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာလည်း မိုင်းရှင်းလင်းတာတွေ မလုပ်နိုင်သေးတဲ့နေရာတွေ အများကြီးရှိနိုင်သေးတာမို့လို့ အာရက္ခတပ်တော်က သွားလို့ရပြီလို့ ခွင့်ပြုမှ သွားသင့်ပါတယ် ဟုပြောသည်။

အထူးသဖြင့် စစ်ကောင်စီတပ် တပ်စွဲထားသည့် ကျေးရွာများတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်း ထောင်ထားသည့်အတွက် မိုင်းအန္တရာယ် အချိန်မရွေးဖြစ်နိုင်ကာ မြေမြှုပ်မိုင်းများကို အမြန် ရှင်းလင်းရန် လိုအပ်နေသည်ဟု သိရသည်။


ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှ စစ်ကျန်မိုင်းနင်းမိ၍ လူငယ်တစ်ဦး သေဆုံးသွားခဲ့ပြီး နောက်ထပ် လူငယ်နှစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့သည်။


ရခိုင်တွင် တကျော့ပြန်တိုက်ပွဲပြန်စသည့် ၂၀၂၃ နိုဝင်ဘာလမှစ၍ စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် ကျောက်ဖြူ၊မင်းပြား၊ကျောက်တော်၊ရသေ့တောင်၊မြေပုံ၊သံတွဲ၊အမ်းတို့တွင် ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေပြီး သေဆုံးမှုလည်းအများအပြားရှိသည်ဟု သိရသည်။


မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က မြေမြုပ်မိုင်းကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၈၄ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိ‌ ကြောင်းသိရသည်။

ဆက်စပ် သတင်းများ