Preview

စစ်တွေတွင် ငတ်ပြတ်သူများလာပြီး ရပ်ကွက်များတွင် လှည့်လည်ကာ တောင်းရမ်း စားသောက်သူ ပိုများလာဟုဆို

ဇွန် ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :5560
ရခိုင် သတင်း

(ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် ဆန်အိတ်ပေါင်း ၃၉၈၉၈ အိတ်ကို ဇွန်၁၇ ရက်နေ့က စစ်တွေသို့ ပို့ဆောင်ပေးခဲ့သည်ဟုစစ်ကောင်စီက သတင်းထုတ်ပြန်သော်လည်း လက်တွေ့တွင် ပြည်သူများအကူအညီမ၇)


နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇွန်၂၅ /၂၀၂၄

 

ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် ဆန်အိတ်ပေါင်း ၃၉၈၉၈ အိတ်ကို ဇွန်၁၇ ရက်နေ့က စစ်တွေသို့ ပို့ဆောင်ပေးခဲ့သည်ဟုစစ်ကောင်စီက သတင်းထုတ်ပြန်သော်လည်း လက်တွေ့တွင် စစ်တွေနေ့ပြည်သူများမှာ အကူအညီ အထောက်အပံ့မရ၍ ငတ်ပြတ်သူများလာပြီး ရပ်ကွက်များတွင် လှည့်လည် တောင်းရမ်းစားသောက်သူများလည်း ရှိလာဟု ဒေသခံများက ပြောဆိုသည်။  

 

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “သူတို့တွေကဆန်တစ်ဘူး(နို့ဆီဘူး)လောက်ပေးပါ။ ဆန်တစ်ဘူးလောက် မရှိဘူးလား။ ဘူးထက်ဝက်လောက်မေတ္တာရပ်တယ်ဆိုပြီး တောင်းကြတယ်။ ဘယ်ရွာတွေက လာမှန်းလည်း မသိဘူး။သူတို့တွေကြည့်ပြီး စိတ်ဆင်းရဲလို့ ဘယ်ကလာလဲတောင် မမေးဖြစ်တော့ဘူး။ကိုယ်ပေးနိုင်သလောက် ပေးလိုက်တယ်။ ကလေးတွေနဲ့လာကြတယ်။ မေတ္တာရပ်ကြတယ်။သူတို့အခက်အခဲတွေပြောပြကြတယ်။ ငိုသူငိုကြတယ်” ဟု ပြောသည်။

 

စစ်ကောင်စီသည် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက်လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ  ၂၄ ပြည်ဝင်ကို ဆန်အိတ်ပေါင်း ၃၉၈၉၈အိတ်၊ ရခိုင်ပြည်နယ် အစိုးရက မှာယူထားသည့် လောင်စာတောင့်များနှင့်ကယ်ဆယ်ရေး ပစ္စည်းများ အပါအဝင် စုစုပေါင်း ၂၀၃၈ ဒသမ ၄၄ တန်ကို ဇွန် ၁၇ ရက်နေ့က ရန်ကုန်မြို့မှစစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများက ရေးသားဖော်ပြကြသည်။

 



စစ်တွေမြို့က နိုင်ငံရေးသမားတစ်ဦးက “ဒါက သူတို့ (စစ်ကောင်စီ)က  ဝါဒဖြန့်တာပါ။ မြန်မာ ပြည်သူတွေကို လိမ်လည်လှည်ဖျားတဲ့လုပ်ရပ်ပါ။ပြည်သူတွေအမြင်မှာ စစ်ကောင်စီက ရခိုင်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ အများကြီးလုပ်နေတယ်လို့မြင်အောင် သူတို့ပိုင် မီဒီယာတွေက ဝါဒဖြန့်တာပါ။ လက်တွေ့ မြေပြင်မှာ လက်လုပ်လက်စားတွေထမင်းငတ်နေကြတယ်။ ဘာဆိုဘာမျှ ကူညီတာ မရှိပါဘူး။ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုတောင်မရှိပါဘူး” ဟု ပြောကြားသည်။

 

စစ်ကောင်စီ အုပ်ချုပ်မှုအောက်တွင် ရှိနေသည့် ရခိုင်မြို့တော်စစ်တွေမြို့တွင် အလုပ်အကိုင် မရှိသောကြောင့် ပြည်သူများ ငတ်ပြတ်နေကြပြီးရပ်ကွက်လှည့်လည်ပြီး  တောင်းရမ်း စားသောက်သူများ တစ်နေ့ထက် တစ်နေ့ များပြားလာသည်ဟုလည်း ၎င်းက ပြောကြားသည်။

 

စစ်တွေမြို့ပေါ်မှ ပြည်သူအများစုမှာ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ စစ်တွေမြို့ကို စွန့်ခွာသွားခဲ့ကြသဖြင့် မြို့မဈေးကြီးမှ ဈေးဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ရပ်ကွက်ဈေးဆိုင်များ၊ပုဂ္ဂလိကရုံးများလည်း ပိတ်ထားကြကာ စီးပွားရေး ယန္တရားတစ်ခုလုံး ပျက်စီးနေကြောင်း စစ်တွေ ဒေသခံများက ပြောကြားသည်။

 

ပန်းရန်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက  “တစ်နေကုန် စက်ဘီးတစ်စီးနဲ့ အလုပ်ရှာရင်တောင်အလုပ်မရှိဘူး။ ကူလီထမ်းမယ်ဆိုတော့လည်း ဈေးမဖွင့်ဘူးလေ။ ဘာအလုပ်မှ မရှိဘူး။ စစ်တွေမှာ စစ်မဖြစ်ဘဲ လူတွေ ဒုက္ခရောက်ပြီး ငတ်နေကြပြီ။ ဟိုတလောကဆန်ရှားလို့ ဆန်မဝယ်စားနိုင်လို့ ကောက်ညှင်းပေါင်းပြီး ဆားဖြူးစားကြတယ်။အုန်းသီးတစ်လုံးတောင် ၅၀၀၀ ဖြစ်နေပြီ” ဟု နိရဉ္စရာ သတင်းဌာနကိုပြောဆိုသည်။

 

ဒေသခံတချို့ဆိုလျှင် စားဝတ်နေရေး အကျပ်အတည်းများကြောင့်လူမနေသည့်နေအိမ်များကို ဖြိုဖျက်ကာ ထင်းဆစ်ပြီး ရောင်းစားခြင်းများနှင့်ငတ်ပြတ်လာ၍ ခိုးယူစားသောက်များပင်ရှိကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

 

“ငတ်လာတော့ တောင်းစားကြတယ်။ တချို့ဆို ခိုးကြတယ်။အိမ်တွေဖြိုကြတယ်။ ထင်းဆစ်ပြီး ရောင်းကြတယ်။ မရှိရင် ဖြစ်သလို လုပ်စားကြရတယ်။ အငတ်မနေနိုင်ကြတော့ဘူးလေ။ သားသမီး မျက်နှာနဲ့ အငတ်မထားနိုင်လို့ ရတဲ့နည်းနဲ့ခိုးကြတယ်။သားသမီးတွေကို ကျွေးကြတယ်။ သစ်ပင်တွေ ခုတ်ကြတယ်။ ရောင်းကြတယ်” ဟုပြောသည်။

 

စစ်တွေမြို့တွင် ပြည်သူအများအပြားမှာ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍  စစ်ရှောင် သွားခဲ့ကြပြီဖြစ်သော်လည်းမြို့တွင် ကျန်နေခဲ့သည့် လက်လုပ်လက်စား ပြည်သူများမှာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၍အထူးအခက်အခဲဖြစ်နေကြရသည်ဟု သိ၇သည်။

 

၎င်းတို့အား စစ်တွေမြို့မှ တစ်ခြား ရခိုင်ပြည်မှမြို့နယ်များသို့ စစ်ရှောင်ခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး စစ်တွေမြို့ပေါ်တွင်အလုပ်အကိုင်လည်း မရှိရာမှ အထူး အခက်အခဲဖြစ်နေကြပြီး ထမင်းငတ်နေသူများ ရှိနေကြောင်းလည်းသိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.