တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ငပလီကမ်းခြေရှိ ခမရ ၅၆၆နှင့်ခလရ ၅၅ အနီးရှိကျေးရွာများမှ ပိတ်မိနေသည့် ဒေသခံကျေးရွာသားများကို AA က ထွက်ခွာခွင့်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၅ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ငပလီကမ်းခြေရှိ ခမရ ၅၆၆နှင့်ခလရ ၅၅ အနီးရှိကျေးရွာများတွင်ပိတ်မိနေသော ဒေသခံများကို အာရက္ခတပ်တော် (AA) မှ ဇွန်လ ၂၅ ရက်နေ့ညနေပိုင်းတွင် ထွက်ခွာခွင့် ပေးလိုက်ကြောင်း ဒေသခံများမှ နိရဉ္စရာသို့အတည်ပြုသည်။

“ရွာသားတွေက စစ်တပ်နှစ်တပ်ရှေ့ကို ဖြတ်ပြီးလာရတာ။ ပစ်တာခတ်တာတော့ မကြားဘူး။ လေယာဉ်နဲ့ ဗုံးမကြဲတဲ့ အချိန်လာရတာပါ။  အဲ့ဒီတပ်နှစ်ခုစလုံးကို အေအေကဝိုင်းထားတာလား။ သိမ်းလိုက်ပြီလား။ ကျွန်တော်တို့ မပြောနိုင်ဘူး။ အဲဒီတပ်ရင်းတွေရှေ့ဘဲရွာသားတွေ ဖြတ်ပြီး လာကြရတာ။ အေ​အေက ခွင့်ပြုလိုက်လို့။  တပ်က  အပြင်မထွက်ရဲဘူးလို့လည်းကြားတယ်။ လက်နက်ချခိုင်းထားတယ်။ ညှို့နှိုင်းနေတယ်လို့ကြားတယ် ” ဟုဒေသခံတစ်ဦးမှပြောသည်။

ခမရ ၅၆၆ အနီးရှိ မဇင်ကွက်သစ်၊ ဇီးဖြူကုန်းကျေးရွာတို့မှဒေသခံများနှင့် ခလရ ၅၅ အနီးရှိ ငပလီ၊ နတ်ရေကန်ရပ်ကွက်တို့မှ ဒေသခံ ၁၀၀ကျော်အား သံတွဲမြို့ဘက်နှင့် လင်းသာကျေးရွာများဘက်သို့ အာရက္ခတပ်တော်မှ ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ အခု တိုက်ပွဲအခြေအနေက ပြောလို့မရသေးပါဘူး။ ကျွန်တော်တို့ ရွာသားတွေကို ကူညီနေပါတယ်။ ရွာသားတွေ တချို့ ကို ကားတွေ ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေနဲ့ ကယ်ထုတ်နေပါတယ်” ဟု ဒေသခံကျေးရွာသားများကို ကူညီနေသူတစ်ဦးက ပြောသည်။

ငပလီကမ်းခြေရှိ ခမရ ၅၆၆နှင့်ခလရ  ၅၅ တို့အနီးတဝိုက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲပြင်းထန်နေသည်မှ ၃ရက်ခန့်ရှိပြီဖြစ်ကာ စစ်ကောင်စီမှ လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ကူပေးနေသော်လည်း စစ်ကောင်စီတပ်များကို အာရက္ခတပ်တော်က  မြေပြင်တွင်ဝိုင်းဝန်း ပိတ်ဆို့ထားကြောင်း ဒေသခံများမှပြောဆိုကြသည်။

ပုံစာ - ဇွန် ၂၄ ရက်နေ့က မြို့ကို စွန့်ခွာနေသည့် သံတွဲ ဒေသခံများကိုတွေ့ရစဉ်။

(ဓာတ်ပုံ- မူရင်းရိုက်ကူးသူကို ခရက်ဒစ်ပေးပါသည်)

ဆက်စပ် သတင်းများ