ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရခိုင်တွင် ဆေးဝါးစျေးနှုန်းများမြင့်တက်နေ၍ ပြည်သူများ အခက်အခဲဖြစ်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4.3k

နိရဥ္စရာ၊ ဇွန် /၂၀၂၄

ရခိုင်ပြည်သို့ ဆေးဝါး တင်သွင်းခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား၍ ဆေးဝါးရှားပါးမှု ဒဏ်အပြင် ဆေးဝါးစျေးနှုန်းကြီးမြင့်မှု ဒဏ်ကိုပါ ရခိုင်ပြည်သူများ ခံစားနေကြရသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြည်မဘက်က ပစ္စည်းတွေမဝင်တော့ ဆေးတွေကလည်း ရှားလာတယ်။ အခု ဆေးတွေက အရင်ကထက် တက်တဲ့ ဆေးကတက်၊ တက်တဲ့စျေးကတက်၊ အဲလိုမျိုးဖြစ်နေတာ လောလောဆယ်တော့ ဆေးတွေ အိန္ဒိယဘက်က အနည်းအကျည်း ဝင်တာတော့ရှိတယ်ဟုပြောသည်။

စစ်ကောင်စီက ပြည်မနှင့်ဆက်သွယ်ထားသည့်လမ်းများကို အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများစတင်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ပိတ်ပင်ထားခဲ့ပြီး ဆေးဝါး စီးဆင်းမှုကို အကြီးအကျယ် ကန့်သတ်ပိတ်ပင်ထားသည်

စစ်ကောင်စီက အေအေကို အဓိက ပစ်မှတ်ထားပြီး ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တယ်။ ဒါပေမယ့် ထိခိုက်တာက ရခိုင်ပြည်သူတွေအများစုကို ဖြစ်တယ်။ ဆေးဝါးတွေကို ပိတ်ပင်တာက ဒါလည်း စစ်ရာဇဝတ်မှု တမျိုးဘဲ။ လူတွေ ဆေးဝါးကုသလို့ မရအောင်လုပ်တာက မလုပ်သင့်တဲ့ အလုပ်မျိုးဖြစ်ပါတယ်ဟု ၎င်းက ဆက်ပြောသည်။

အိမ်သုံးဆေးဝါးများ ရခိုင်သို့ တင်သွင်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ဆေးများရှားပါးလာကာ စျေးနှုန်းများမြင့်တက်လာသဖြင့် ကျန်းမာရေး မကောင်းသူများမှာ ဆေးဝါးကုရန် အခက်ကြုံနေရသည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဆေးတွေက အားလုံး စျေးကြီးတယ်။ ကိုယ်ဝန်ဆောင် အားဆေးတွေဆိုရင် Vitrometa ၁၀ လုံး ကဒ်တောင် ထောင်၊ OBIMIN လုံး တစ်ကဒ်ကို ထောင်၊ Folic acid က တစ်ဘူး ၁သောင်း။ အဲလိုမျိုး ဝယ်နေရတယ်။ အလုပ်အကိုင်လည်းရှား၊ ကုန်စျေးတွေလည်းတက်၊ ဆေးဝါးစျေးကလည်းတက်နေတော့ ရှုန်းကန်ရတာ မလွယ်ဘူးဟုပြောသည်။

လက်ရှိတွင် ဆေးဝါးများကို ဆေးဝါးလုပ်ငန်းရှင်များက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းရသလို  တောင်ကုတ်နှင့် မကွေးတို့ဘက်မှလည်း ခက်ခက်ခဲခဲ သွားရောက်ဝယ်ယူပြီး တင်သွင်းနေရသည်ဟု သိရသည်။

မင်းပြားမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း စစ်ပွဲများကြောင့် ပြန်လည်နာလန်ထူသည့်အချိန်၊ အလုပ်အကိုင် ရှားပါးနေသည့်အချိန်တွင် ဆေးဝါးများကို စျေးကြီးပေးကာ ဝယ်ယူ သောက်သုံး နေကြရသည့် အတွက် ကျန်းမာရေးမကောင်းဖြစ်မည်ကိုတောင် အလွန် စိုးရိမ်နေမိသည်ဟု နိရဥ္စရာကိုပြောသည်။

ယခုလက်ရှိ ရခိုင်တွင် အေအေက သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့နယ်များ အပါအဝင် တိုက်ပွဲ ဖြစ်ပွားနေဆဲ မြို့နယ်များ၌ ဆေးဝါးပိုမိုရှားပါးနေပြီး စျေးနှုန်းများ မြင့်တက်နေသည့်အတွက် ပြည်သူများ ဆေးဝယ်သောက်ရန် ခက်ခဲနေကြကြောင်း ပြောဆိုကြသည်။

ဆက်စပ် သတင်းများ