တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

သံတွဲရေငုပ်တပ်မှ တပ်မိသားစုဝင်များကို ဇက်နေဗီဖြင့် ပြောင်းရွှေ့ သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 5.2k

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ ဇွန်လ ၂၆/၂၀၂၄

စစ်ကောင်စီသည် ရခိုင်ပြည်၊ သံတွဲရေငုပ်တပ်မှ မိသားစုဝင်များကို ဇက်နေဗီဖြင့် ပြောင်းရွှေ့ သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် ညအချိန်တွင် ရေတပ်ဇက်နေဗီဖြင့် ရေတပ်မိသားစုဝင် ၁၀၀ ခန့်ကို တင်ဆောင်ကာ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ရေတပ်ကမိသားစုတွေကို နေဗီကမ်းထိုးယာဉ်နဲ့ ဂွဘက်ကို ယူသွားပြီ။ အဲ့ဒီကမှ ရန်ကုန်ကို ပြောင်းမယ်လို့ သိရတယ်။ စုစုပေါင်း ၁၀၀ လောက်ရှိမယ်”ဟု ပြောသည်။

အဆိုပါ ပင်မဆက်သွယ်ရေးနှင့် ရေငုပ်တပ်သည် မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းရွာကြားမှာတည်ရှိပြီး ယခင်က ဆက်သွယ်ရေးနှင့် ရေငုပ်သင်တန်းပေးသည့်တပ်ဖြစ်သော်လည်း စစ်ပွဲများဖြစ်လာချိန်တွင် တိုက်ခိုက်ရေးတပ်သားများကို လေ့ကျင့်ပေးပြီး သံတွဲမြို့ထဲ နှင့် တိုက်ပွဲဖြစ်နေသည့်နေရာများကို လက်နက်ကြီးပစ်ကူပေးသည့် တပ်ဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်၊ ငပလီကမ်းခြေအနီးတဝိုက်ရှိ ခမရ ၅၆၆ နှင့် ခလရ ၅၅ တပ်များအနီးမှာ ယနေ့ ဇွန်လ ၂၆ ရက်တွင် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လည်း တိုက်ပွဲတွေအပြင်းအထန်ပဲ။ လေကြောင်းကလည်း လာပစ်ကူတယ်။ နောက်ပြီး လူအင်အားတွေလည်း ထပ်ပို့ထားတယ်။  လူအင်အားလာပို့ရုံ သက်သက်မဟုတ်ဘဲ သူတို့တွေ ဂျိတ္တောဘက်ကနေ ငပလီကို ပြန်ပြီးထိုးစစ်ဆင်မယ်လို့ သိရတယ်။ မနေ့က ငပလီမဇင်ဘက်ကို သွားတဲ့စစ်ကူတွေ နောက်ကြောင်းပြန်လှည့်သွားပြီး ဂျိတ္တောမှာလူပြန်စုတယ်။ တိုက်ပွဲက ဆက်ဖြစ်မယ်ထင်တယ် ”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ငပလီကမ်းခြေမှတဆင့် ရေကြောင်းလမ်းအတိုင်း ဂွမြို့ဘက် သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုများသည် ပြောင်းရွှေ့နေကြသည်ဟု တစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။

“ငပလီက စစ်တပ်တွေကို အေအေက ဝင်တိုက်နေတော့ ကုန်းလမ်းအတိုင်းပြေးတဲ့ စစ်သား မိသားစုတွေ နည်းတယ်။ အေအေက မြို့ထွက်ဝနဲ့ တခြားနေရာတွေမှာရှိတော့ မသွားရဲဘူးပေါ့၊ ဒီရေလမ်းက တိုးတိုးတိတ်တိတ်ပို့နေတာ ညဘက်တွေမှထွက်လာကြတယ်။  ပင်လယ်လမ်း ကြောင်း အတိုင်း သိပ်မဝေးလေ။ ကမ်းသာယာဖြတ် ဆပ်သွားဖြတ်ရင် ဂွရောက်ပြီ။ အဲ့ဒီကဆင့် ဧရာဝတီဘက် ပြန်ပို့နေတယ်” ဟု ပြောသည်။

သံတွဲမြို့မှ ပြည်သူများအားလုံးစွန့်ခွာသွားခဲ့ကြပြီဖြစ်သဖြင့် သံတွဲမြို့တွင်းအခြေကို မသိရသေးကြောင်း ပြောကြားသည်။

အာရက္ခတပ်တော် ( AA)၏ ထိုးစစ် သံတွဲမြို့ပေါ်ထိ ရောက်ရှိလာသဖြင့် သံတွဲ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည်လည်း မြို့ကို စွန့်ခွာပြီး ဂွမြို့သို့ ဆုတ်ခွာသွားခဲ့ကြသလို တပ်မိသားစုဝင်များကိုလည်း ဆက်တိုက်ရွှေ့ပြောင်း နေခြင်းသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!