တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

မောင်တောတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ဇူလကျေးရွာအနီးကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၇ ရက်/၂၀၂၄

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ဆက်လက် ပြင်းထန် လျှက်ရှိနေပြီး ဇွန်လ ၂၆ ရက် ည ၁၀ နာရီခန့်၌ ဇူလ (မွတ်ဆလင်) ကျေးရွာအနီးသို့ စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးများကြဲချခဲ့သည်ဟု မျက်မြင်မောင်တောဒေသခံ မွတ်ဆလင်များထံမှသိရသည်။

"တိုက်ပွဲက လုံးဝမရပ်တန့်ဘဲ ‌ နေ့ရော ညပါတိုက်နေကြတာ။ သေနတ်ပစ်သံတွေ၊ လက်နက်ကြီး၊  လက်နက်ငယ်သံတွေ ဆူညံနေတယ်။ တိုက်ပွဲကတော်တော်လေး ပြင်းထန်နေပါတယ်။ စစ်တပ်က အထိနာလာတော့ ဇူလကျေးရွာအနီးကိုမနေ့က ည ၁၀ နာရီမှာဂျက်တိုက်လေယာဉ်နဲ့ ဗုံးလေးလုံး လာကြဲချသွားတယ်။ မြို့ကနေအိမ်တွေ ငလျှင်လှုပ်သလို တုန်ခါသွားကြတယ်။ အထိအခိုက် အသေအပျောက်က ဘယ်သူမှမသိနိုင်ဘူး။ သွားကြည်လို့မှမရတာ။ ရွာသူရွာသားတွေကတော့  ထွက်ပြေးကုန်ပြီ " ဟု ဒေသခံမွတ်တစ်ဦးက  နိရဉ္စရာကို ပြောကြားသည်။

နခခ(၅)၏ မြောက်ဖက်တွင်တည်ရှိတဲ့ ဇူလ(မွတ်ဆလင်)ကျေးရွာ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းချထားသဖြင့် အာရက္ခတပ်တော်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။

"နခခ(၅)ကိုကာကွယ်ဖို့ မြောက်ဖက်က ဇူလရွာမှာ လက်နက်ကြီးအထိုင်စခန်းချထားတယ်။ အဲဒီ စခန်းကို အေအေက အပြင်းအထန်တိုက်နေတာ။ အဲဒီကာကင်စခန်းကိုရမှ နခခ(၅)ကို ဆက်တိုက်နိုင်မှာ တိုက်‌နေတာ။ ဒီနေ့ဆို ၂ ရက်ပြည့်တော့ မယ်။ စခန်းကမကျအောင် စစ်တပ်ကဂျက်နဲ့ ညအချိန်မှာ နေ့တိုင်း  ဗုံးလာကြဲနေတယ်။ အဲဒါကြောင့် တိုက်ပွဲကတာရှည်နေတာ" ဟု ကညင်တန်းရပ်ကွက်မှ‌‌ ဒေသခံမွတ်ဆလင်တစ်ဦးက ပြောဆိုသည်။

အာရက္ခတပ်တော် (AA) နှင့်စစ်ကောင်စီတပ်တို့ ဇွန် ၂၅ ရက် ည ၁၁ နာရီမှစတင်ကာ မောင်တော၌ ညဉ့်ရော  နေ့ပါ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျှက်ရှိ‌‌နေကြပြီး ဒီကနေ့ ဇွန်လ ၂၇ မွန်လွဲ ပိုင်း အထိ ဆက်လက် ပြင်းထန်စွာဖြစ်ပွါးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

------

 

ဆက်စပ် သတင်းများ