တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

အိန္ဒိယမှ ရခိုင်သို့ ကုန်ပစ္စည်းတင်သွင်းသည့်လမ်းကြောင်းကို လိုင်လူငယ်အသင်းက ပိတ်ပင်ထား၍ ကုန်သည်များထိခိုက်နစ်နာမှုရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နှင်းနွယ်နီ၊နိရဥ္စရာ၊ ဇွန် ၂၈/၂၀၂၄

လိုင်လူငယ်အသင်း(CYLA) က ပြီးခဲ့သည့် ဇွန်လ ၂၄ မှ စတင်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့်လမ်းမကြီးကို ပိတ်လိုက်သဖြင့် ကုန်သည်များမှာ လမ်းတွင် ပိတ်မိနေပြီး အခက်အခဲဖြစ်ပေါ်နေသည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ကုန်သည်တစ်ဦးက  “ ဒီလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်ကတည်းက လောင်တလိုင်ကနေ တီတွင်းဘက်ကို ဆင်းလို့မရတော့ပါဘူး။ လိုင်လူငယ်အသင်းက ပိတ်လိုက်တာပါ။ ကုန်ပစ္စည်းအပြည့် ကားပေါ်တင်ထားပြီး ရခိုင်ဘက် ဆင်းဖို့ အကုန်စီစဥ်ထားပြီးမှ မသွားလိုက်ရတာပါ။ ဒါကြောင့် ပစ္စည်းတွေနဲ့ လောင်တလိုင်မှာ သောင်တင်နေပါတယ်။ ဒီအတိုင်းသာ လမ်းပိတ်လိုက်မယ်ဆိုရင် ကျနော်တို့ ကုန်သည်တွေအတွက် အများကြီး ဆုံးရှုံးမှုတွေဖြစ်ပါမယ်” ဟုပြောသည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲတွင် ကုန်ပစ္စည်းများ ဝယ်ယူရန် ရောက်ရှိနေကြသော ကုန်သည်များမှာ ပစ္စည်းဝယ်ယူပြီးမှ ရခိုင်ပြည်သို့ သယ်ယူခွင့်မရ၍ များစွာ အခက်အခဲ ဖြစ်နေကြရသည်ဟု ၎င်းက ပြောဆိုသည်။

“ လမ်းပိတ်တဲ့အချိန်မှာ  လောင်တလိုင်က  ပစ္စည်းဝယ်ယူပြီး တီတွင်းမြို့နယ်ကို ရောက်နေတဲ့  ကုန်ပစ္စည်းတွေကို ဇွန်လ ၂၅ ရက်က ရခိုင်သို့ သယ်ယူခွင့်ပေးခဲ့ပေမယ့်  လောင်တလိုင်ခရိုင်အတွင်းက ကုန်ပစ္စည်းတွေကိုတော့  လုံးဝသယ်ယူခွင့်မပေးဖြစ်နေတယ်။ ဒါကြောင့် ကုန်သည်တွေ သောင်တင်ပြီး အခက်အခဲဖြစ်ကြရတာပါ ” ဟု နောက်ထပ် ကုန်သည်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြီးခဲ့နှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရခိုင်ပြည်ရှိ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်ပင်ထားလိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုပြတ်တောက်ကာ ပြည်သူများ စားနပ်ရိက္ခာရှားပါးမှုဒဏ်နှင့် စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ကြုံတွေ့ခဲ့ကြရသည်။


နောက်ပိုင်းတွင် ရခိုင်ကုန်သည်များမှာ ကျောက်တော်မြို့မှ တဆင့် လမ်းခရီးခက်ခဲစွာဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့သွားရောက်ကာ အဓိက စားကုန်များဖြစ်သည့် ပဲဆီ၊ မုန်ညင်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန့်ပဲသရေစာများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီနှင့် ဆေးဝါးများကို ဝယ်ယူကာ ရခိုင်ပြည်ကို တင်သွင်းနေကြခြင်းကြသည်။

အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်အများအပြားမှ ပြည်သူများမှာ အဆိုပါ ရိက္ခာများကြောင့် စားသောက်ရန် အဆင်ပြေခဲ့သော်လည်း ယခုလက်ရှိတွင် လမ်းခရီးကို ပိတ်ပင်လိုက်၍ နောက်ပိုင်းမှာ ပြည်သူများ အခက်အခဲကြုံလာနိုင်သည်ဟု ပြောကြသည်။

“ကျမတို့ အဲဒီဘက်က ပစ္စည်းဝင်လာလို့ စားသောက်ဖို့ အဆင်ပြေနေခဲ့ကြတာပါ။ အခု အိန္ဒိယဘက်ကသာ ပစ္စည်းမလာရင် အရမ်းအခက်အခဲဖြစ်ကြပါမယ်။ ဓာတ်ဆီဆိုလည်း လမ်းပိတ်ထားတယ်ကြားတော့ ခုတောင် စျေးတက်ချင်နေပြီ” ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိတွင် မီဇိုရမ်၌ ကုန်ပစ္စည်းဝယ်ယူထားပြီး ရခိုင်ပြည်ဘက်သို့ သယ်ယူခွင့်မရဘဲ သောင်တင်နေသည့် ကုန်သည်အများအပြားရှိနေသည့် အတွက် ဆုံးရှုံးမှုများနိုင်၍ လမ်းကို အနည်းဆုံး  ၃ ရက်ခန့် ဖြစ်ဖြစ်  ဖွင့်ပေးစေလိုသည်ဟု ကုန်သည်များက တောင်းဆိုနေကြသည်။

လိုင်လူငယ်အသင်း(CYLA) က ပြီးခဲ့သည့် ဇွန်လ ၂၄ မှ စတင်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့်လမ်းမကြီးကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်ဘက်ကို စားသောက်ကုန် တင်သွင်းခြင်းမှာ ပြည်သူများအတွက်ဟု ထင်ခဲ့သော်လည်း အာရက္ခတပ်တော်(AA)က ချင်းလူမျိုးများနှင့် ပစ်ခတ်တိုက်ခိုက်သည့်နေရာတွင် သူတို့၏ အင်အားပိုမိုတောင့်တင်းလာစေရန် လုပ်ဆောင်နေကြောင်း ကြားသိရသည်ဟု ဖော်ပြထားသည်။

ချင်းညီအကိုများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရပ်တန့်ဖို့ (CYLA) ဘက်က အကြိမ်များစွာ သတိပေးခဲ့သော်လည်း လက်မခံသည့်အပြင် အကြောင်းပြန်ခဲ့ခြင်းလည်း မရှိသည့်အတွက် ဇွန်လ ၂၄ ရက်မှ စတင်ကာ မီဇိုရမ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပို့သည့် လမ်းကြောင်းကို ပိတ်ပင်လိုက်သည်ဟု ဆိုထားသည်။

လိုင်လူငယ်အသင်း(CYLA) က ကုန်ပစ္စည်းသယ်ယူသည့် လမ်းကြောင်းကို ပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ ကန့်ကွက်စာတစ်စောင်ကိုလည်း မရာလူငယ်အသင်း(MTP) က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ