တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

မောင်တောမြို့ထဲသို့ AA တပ်ဖွဲများဝင်ရောက်လာနိုင်သည့် လမ်းကြောင်းပေါ်ရှိ ကျေးရွာများအား စစ်ကောင်စီလေကြောင်းမှ ဆက်တိုက်ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 954

(ဒေသခံမွတ်ဆလင်အချို့ သေဆုံး ဒဏ်ရာရရှိမှုရှိနေဟုဆို)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၈ ရက်/၂၀၂၄

တိုက်ပွဲများပြင်းထန်နေသည့်  ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင်းသို့  အာရက္ခတပ်တော် (AA) တပ်ဖွဲ့များ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းပေါ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှနေ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်လျှက်ရှိနေကြောင်း‌ မောင်တော ဒေသခံများထံမှ သိရသည်။

ထိုသို့ တိုက်ခိုက်သဖြင့်  မွတ်ဆလင် ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုများရှိနေသည်ဟု သတင်းရရှိသည်။

မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက " မောင်တောက AA တပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့ ကျေးရွာ‌တွေကို စစ်ကောင်စီက ဂျက်တိုက်‌လေယာဉ်တွေနဲ့ အပြင်းအထန်ဗုံးကြဲနေတယ်။ ဒီနေ့ မနက်နဲ့ ​နေ့လယ်မှာ ၆ ကြိမ် ဗုံးကြဲချခဲ့တယ် "ဟု နိရဉ္စရာသို့ ပြောကြားသည်။

စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲနေသည့် ကျေးရွာများမှာ ရွှေဇားကျေးရွာ အုပ်စုမှ စေတီပြင်၊ ဇင်တူလာ၊ ဂွမ်ညှာ၊ ဟာလာတူလီ အပါအဝင် အမှတ်(၅)ရပ်ကွက်ရှိ ဧတေ‌လီယာ၊ လသာ၊ ဘက္ကာဂုံးနားနှင့်  နခခ(၅) မြောက်ဖက်ရှိ ဇူလစသည့် ကျေးရွာများဖြစ်ကြသည်ဟု သိရသည်။  

"‌စစ်တပ်က ဂျက်တိုက် လေယာဉ်တွေနဲ့ မောင်တောမြို့ကို နေစဉ်ဗုံးလာကြဲချနေတာပါ။ မနေ့က ညနေ ၅ နာရီ ကျော်မှာ ဂျက်တစ်စီးလာပြီး ရွှေဇားကျေးရွာအုပ်စု စေတီပြင်ဈေးအနီးကို ဗုံးသုံးလုံး လာကြဲချတယ်။ ဒေသခံ ၄ ဦးပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရရှိသူလည်း ၅ ဦးခန့် ရှိတယ်။ နာမည်တွေ အတိအကျ မသိရသေးဘူး"ဟု ပြောကြားသည်။

အလားတူ ယနေ ဇွန်လ ၂၈ ရက် နံ နက် ၆နာရီ ၁၀ မိနစ်တွင်လည်း စစ်ကောင်စီဂျက်တိုက် လေယာဉ်များဖြင့် ရွှေဇားကျေး ရွာအုပ်စု ဂွမ်ညှာ၊ လဘော်ဇား၊ ဟာရီတူလာနှင့် အမှတ်(၅)ရပ်ကွက်ရှိ ဇင်တူလာ၊ လသာ၊ ဧတေလီယာ စသည့် ကျေးရွာများ အားဗုံးများကြဲချခဲ့သဖြင့် ဒေသခံ ၅ ဦးထက် မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း ဒေသခံများက ဆက်လက် ပြောဆိုသည်။

ထိုသို့ မွတ်ဆလင်ကျေးရွာများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသဖြင့် အနည်းဆုံး မွတ်ဆလင် ဒေသခံ ၄၀၀၀ ကျော်ကို အာရက္ခတပ်‌တော်‌မှ ယခုလ  ၂၅ ရက်နေ့၌ လွတ်မြောက်နယ်မြေသို့ ကယ်ထုတ်နိုင်ခဲ့ကြ‌ကြောင်း ဒေသခံ မွတ်ဆလင်များထံမှ သိရသည်။

"ပိတ်မိနေကြတဲ့ မွတ်ဆလင် ကျေးရွာတွေက မိသားစု‌တွေကို အေအေကနေ ကယ်ထုတ်သွားခဲ့တာတွေ ရှိတယ်။ အဲဒီရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဆက်လက်ဗုံးကြဲနေတယ်။ ဒီ‌နေ့ နဲ့ ဆို ခုနှစ်ကြိမ်လောက် ဗုံးကြဲချထားပြီ။ ဒေသခံတွေ သေဆုံးဒဏ်ရာရမူတွေလည်းများလာတယ်"ဟု  ဒေသခံမွတ်ဆလင် တစ်ဦးကပြောဆိုသည်။

ဇွန်လ၂၈ ရက် ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင်  ဂျက်တိုက် လေယာဉ် ၂ စီး ဖြင့်လည်းကောင်း၊  ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်တွင်လည်း ဂျက်တိုက် လေယာဉ် ၄ စီးဖြင့် လည်းကောင်း၊  ဇွန်လ၂၇ ရက် ညနေ ၃ နာရီ ၅၀ မိနစ်၌ စစ်ကောင်စီ ဂျက်တိုက် လေယာဉ်တစ်စီးဖြင့်လည်းကောင်း ခုနှစ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ထိုသို့စစ်ကောင်စီဖက်မှ မောင်တောမြို့မကျအောင်လေကြောင်းမှအပြင်း အထန်ကာကွယ် နေသော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်မှာ အင်အားပျော့လာခြင်းမရှိဘဲ့ မြို့သိမ်း တိုက်ပွဲအား ဆက်လက်တိုက်ခိုက်လျှက်ရှိနေကြကြောင်းသိရသည်။

ပုံစာ- ဗုံးကျနေရာ တစ်ခုအား မွတ်ဆလင် အရပ်လူကြီးများ ကြည့်ရှုနေကြစဉ်။

ဆက်စပ် သတင်းများ