တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

အိန္ဒိယတွင် ရောက်နေသည့် ရခိုင်ကုန်သည်များကို ကုန်ပစ္စည်းမပါဘဲ နှစ်ရက်အတွင်း ထွက်သွားကြရန် လိုင်လူငယ်အသင်းနှင့် ရဲကဖိအားပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 993

နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇွန် ၂၉/၂၀၂၄

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်ပစ္စည်းများဝယ်ယူရန် ရောက်ရှိနေကြသည့် ရခိုင်ကုန်သည်များကို ကုန်ပစ္စည်းမပါဘဲ နှစ်ရက်အတွင်း ရခိုင်သို့ ပြန်သွားကြရန် လိုင်လူငယ်အသင်းနှင့် အိန္ဒိယရဲက လာရောက်ပြောဆိုသွားကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန် ၂၉ ရက်၊ အိန္ဒိယစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က ရခိုင်ကုန်သည်များ တည်းခိုနေကြသည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့ အိန္ဒိယရဲများနှင့် လိုင်လူငယ်များက လာရောက်ကာ  ဇွန်လ ၃၀ ရက်တွင် နောက်ဆုံးထားပြီး လောင်တလိုင်မှ ထွက်သွားကြရန် ပြောဆိုသွားခဲ့သည်ဟု ကုန်သည်တစ်ဦးက ပြောသည်။

“ဒီနေ့ မနက်က ရဲသားတွေလာပြီး ဟိုတယ်ကို စစ်ပါတယ်။ လိုင်လူငယ်အဖွဲ့နဲ့ ရဲပါပါတယ်။ ပြောတာက ရဲကပြောတာပါ။ အင်အားက ရဲနဲ့ ရဲမေတွေပါ အပါအဝင် ၈ ယောက်၊ ၉ ယောက်လောက် ရှိပါတယ်။ လိုင်လူငယ်အဖွဲ့က ၃ ယောက်လောက်ပါပါတယ်” ဟုပြောသည်။

ကုန်သည်များမှာ ပစ္စည်များ ဝယ်ယူထားပြီးပြီဖြစ်သည့်အတွက် ရခိုင်သို့ ပြန်သည့်အချိန်တွင် ကုန်ပစ္စည်းများကို ယူဆောင်ခွင်ပြုရန် ရဲကိုတောင်းဆိုခဲ့သော်လည်း အဆိုပါကိစ္စမှာ လိုင်လူငယ်အသင်းနှင့်ဆိုင်သည်ဟု အိန္ဒိယရဲများက ပြောဆိုသွားခဲ့သည်ဟု သူကပြောသည်။

“ကျနော်တို့ သွားရရင် ပစ္စည်းကို ဘယ်လိုလုပ်မလဲ။ ပစ္စည်းက ဝယ်ထားပြီးပါပြီ။ ကျနော်တို့ကို ပစ္စည်းတွေကို ယူခွင့်ပြုပါဆိုတော့လည်း သူတို့က မရဘူးပြောတယ်။ ကျနော်တို့မှာ ပစ္စည်းတွေ ဝယ်ထားလိုက်ပြီ။ ပိုက်ဆံပြန်တောင်းလို့လည်း မရတော့ဘူးပြောပြတော့၊ လူငယ်အဖွဲ့က လုပ်ခိုင်းတာလို့ ရဲကပြောတယ်။ ကျနော့်မှာဆို သိန်း ၃၀၀ ကျော်ဖိုးလောက် ရှိတယ်၊ ဝယ်ထားတာ” ဟုပြောသည်။

မင်းပြားမြို့နယ်မှ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်သို့ လာရောက်ကာ ကုန်ပစ္စည်းဝယ်ယူရန် ရောက်ရှိနေသည့် ကုန်သည်တစ်ဦးကလည်း မြန်မာ‌ငွေ သိန်း ၈၀၀ ဖိုးခန့်ရှိသည့် ကုန်ပစ္စည်းများကို ဝယ်ယူထားပြီးပြီဖြစ်သည့်အတွက် ကုန်ပစ္စည်းမပါဘဲသာ ရခိုင်သို့ ပြန်ရမည်ဆိုလျှင် ဘဝပျက်သွားနိုင်သည်ဟု နိရဥ္စရာကိုပြောသည်။

“ပစ္စည်းတွေက ပိုက်ဆံတွေ အကုန်ပေးပြီးသွားပြီ။ မြန်မာငွေ သိန်း ၈၀၀ ဖိုးလောက် ဝယ်ထားတာပါ။ ဒီနေ့နဲ့ မနက်ဖြန်အတွင်းမှာ ထွက်သွားကြဖို့၊ ပစ္စည်းမယူရဘူးပြောတယ်။ ဒါကြောင့်ကျနော်တို့ ဒုက္ခရောက်နေပါပြီ။ ကျနော်တို့ဘဝအတွက် ဆုံးရှုံးမှုတွေရှိသွားပါမယ်။ အရင်းအနှီးတွေ ပျောက်သွားမယ်။ ကျနော်တို့ကို လူသားချင်း စာနာထောက်ထားသောအားဖြင့် ပစ္စည်းတွေကို ယူဆောင်ခွင့်ပေးစေချင်ပါတယ်” ဟုပြောသည်။

လက်ရှိရခိုင်တွင် စစ်ကောင်စီက ပြည်မနှင့်ဆက်သွယ်ထာသည့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားသည့်အတွက် ရခိုင်ကုန်သည်များမှာ ကျောက်တော်မြို့မှ တဆင့် လမ်းခရီးခက်ခဲစွာဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့သွားရောက်ကာ အဓိက စားကုန်များဖြစ်သည့် ပဲဆီ၊ မုန်ညင်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် မုန့်ပဲသရေစာများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီနှင့် ဆေးဝါးများကို ဝယ်ယူကာ ရခိုင်ပြည်ကို တင်သွင်းနေကြခြင်းကြသည်။

သို့သော် လိုင်လူငယ်အသင်း(CYLA) က ပြီးခဲ့သည့် ဇွန်လ ၂၄ မှ စတင်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့်လမ်းမကြီးကို ပိတ်လိုက်သည်။

လိုင်လူငယ်အသင်းက ရခိုင်ပြည်ဘက်ကို စားသောက်ကုန် တင်သွင်းခြင်းမှာ ပြည်သူများအတွက်ဟု ထင်ခဲ့သော်လည်း အာရက္ခတပ်တော်(AA)က ချင်းလူမျိုးများနှင့် ပစ်ခတ်တိုက်ခိုက်သည့်နေရာတွင် သူတို့၏ အင်အားပိုမိုတောင့်တင်းလာစေရန် လုပ်ဆောင်နေကြောင်း၊ ချင်းညီအကိုများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရပ်တန့်ဖို့ (CYLA) ဘက်က အကြိမ်များစွာ သတိပေးခဲ့သော်လည်း လက်မခံသည့်အပြင် အကြောင်းပြန်ခဲ့ခြင်းလည်း မရှိသည့်အတွက် မီဇိုရမ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပို့သည့် လမ်းကြောင်းကို ပိတ်ပင်လိုက်သည်ဟု ဆိုထားသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် ကုန်ပစ္စည်းဝယ်ယူရန် ရောက်နေကြသည့် ရခိုင်ကုန်သည် ၄၀ ဦး ထက်မနည်း ရှိနေကြောင်း သိရသည်။

ရခိုင်ကုန်သည်များမှာ ကုန်ပစ္စည်းများကို ရခိုင်ပြည်သူ၊ ပြည်သားများကိုသာ ရောင်းချနေခြင်းဖြစ်သည့် အတွက် ပြည်သူများကို ငှဲ့ညာသောအားဖြင့် ပစ္စည်းများကို သယ်ဆောင်ခွင့်ပြုစေချင်ကာ၊ ပစ္စည်းများ ယူဆောင်ခွင့်မရလျှင် သူတို့၏ စီးပွားရေးများ ပျက်စီးသွားမည့်အပြင် ပြည်သူများလည်း စားနပ်ရိက္ခာ အခက်အခဲဖြစ်နိုင်သည်ဟု ကုန်သည်များက ပြောကြသည်။

ဆက်စပ် သတင်းများ